ဘိုင်မွန်းတည့်နေ သတင်း သမားတွေကို ထောင်ချ

  • 16 အောက်တိုဘာ 2014
Image caption ဘိုင်မွန်းတည့်နေ ဂျာနယ်မှာ ဖော်ပြတဲ့ သတင်းကို လူ အများ စိတ်ဝင်စား

ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမား ၅ ယောက်ကို ပန်းဘဲတန်း တရားရုံးက ထောင် ၂ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လူပ်ရှားသူများ အင်အားစု အမ်ဒီစီအက်ဖ်ရဲ့ ထုတ်ပြန်ချက်ကို ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ အတွက် ဂျာနယ်တိုက် ပိုင်ရှင် ဦးကျော်မင်းခိုင် ၊ ဦးနေမင်းထွန်းနဲ့ တာဝန်ခံအယ်ဒီတာ ကိုအောင်သန်း အမှုဆောင် အယ်ဒီတာ ကိုဝင်းထင်၊ သတင်းထောက် မင်းဝသန်တို့ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခဲ့ တာပါ။

မီဒီယာ ဥပဒေကို အသက်သွင်း နေချိန်မှာ သတင်းသမား တွေကို ဒီအမှုနဲ့ ပတ်သက်လို့ ပေးနိုင်တဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးလိုက်တာကို စာနယ်ဇင်း ကောင်စီ ကလည်း ရှုတ်ချလိုက် ပါတယ်။

အပြစ်ပေးခံရသူ ဦးကျော်မင်းခိုင်ရဲ့ဇနီး မွန်းတည့်နေဂျာနယ်ရဲ့ အမှုဆောင် အယ်ဒီတာချုပ် ဒေါက်တာအိအိစံက လည်း အထက်အဆင့်ဆင့်ကို အယူခံတက်မယ်လို့ ပြောပါတယ်။ စာနယ်ဇင်း ကောင်စီ(ယာယီ) ရဲ့ ပြောခွင့်ရသူ ဦးဇော်သက်ထွေး ကတော့ သတင်းသမားတွေကို သတင်းစာကျင့်ဝတ်နဲ့ညီအောင် လေ့ကျင့်မှုတွေနဲ့ ဖြည့်ဆည်းပေး နေချိန်မှာ လိုအပ်ချက်ရှိနေသေးတာ မှန်ပေမဲ့ အခုလို ပြစ်ဒဏ်ပေးတာကို ကြည့်ခြင်းအားဖြင့် တရားရေး မဏ္ဍိုင်က မီဒီယာကို မလိုလားအပ်သူတွေလို ရှူမြင်နေပုံ ရတယ်လို့ ပြောပါတယ်။

သူက ဒီအမှုမှာ သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး ပုဒ်မ ပြောင်းလဲသင့်တယ်လို့ သက်ဆိုင်ရာ အကြီးအကဲတွေကို တင်ပြပေးခဲ့သူလည်းဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ကလည်း မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် ၂၄ အကြောင်း လျှို့ဝှက် ဓါတုလက်နက် စက်ရုံ ဆိုပြီးရေးသားခဲ့တဲ့ ယူနတီဂျာနယ်က သတင်းသမား ၅ ယောက် ကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါသေးတယ်။

တိုင်းတရား လွှတ်တော်ကို အယူခံခဲ့ ရာမှာ ၃နှစ် လျှော့ပြီး ၇နှစ် ကို ပြောင်းလဲ ချမှတ်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ သတင်းသမား အတော်များများ တရားစွဲခံရပြီး ထောင်ထဲမှာတော့ သတင်းသမား ၁၀ ယောက် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ