ဆွေးနွေးပွဲတွေ ပျက်ပြားမှာ UNFC စိုးရိမ်

  • 16 အောက်တိုဘာ 2014
Image caption ဖက်ဒရယ် ကိစ္စ ရပ်တွေကို အစိုးရ တပ် ခေါင်းဆောင် တွေက လိုလားမှု မရှိခဲ့

အစိုးရ တပ်တွေ ကနေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ် တိုက်ခိုက် မှုတွေ ကြောင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး မှုတွေ မလုပ်ဖြစ်ပဲ ပျက်ပြား သွားမှာ ကို စိုးရိမ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကနေ ကြေညာချက် ထုတ်ပြန် လိုက် ပါတယ်။

ဒီအတွက် အစိုးရ တပ်တွေ အနေနဲ့ ထိုးစစ်ဆင် နေတာ တွေကို ချက်ချင်း ရပ်တန့် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲ နိုင်ရေး ဆွေးနွေး မှု ဖြစ်စဉ်တွေ အတွင်း အခုလို တိုက်ပွဲတွေ မကြာ ခဏ ဖြစ်ရ တာဟာ အစိုးရ ဘက်က နယ်မြေ တွေကို ပိုမို စိုးမိုး ထားလို တာကြောင့် ဖြစ်နိုင် တယ်လို့ ယူဆကြောင်း UNFC ဒု ဥက္ကဌ-၁ ဖြစ်သူ နိုင်ဟံသာ က ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT မှာ လည်း ဦးဆောင် ပါဝင်တဲ့ နိုင်ဟံသာက အခု လောလော ဆယ် တစ်ဖွဲ့ချင်း အလိုက် အပစ် အခတ် ရပ်စဲ ထားမှု တွေဟာ ခိုင်မာမှု မရှိတဲ့ အတွက် အခုလို ဖြစ်ရတာ လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး ဆွေးနွေး မှုတွေ အတွင်း တိုင်းရင်းသားတွေ ဘက်က တောင်းဆိုတဲ့ ဖက်ဒရယ် ဆိုင်ရာ ကိစ္စ ရပ်တွေကို အစိုးရ တပ် ခေါင်းဆောင် တွေဘက်က လိုလားမှု မရှိခဲ့ဘူး လို့လည်း သူက ပြောပါတယ်။

ဒီအတွက် အခုလို တိုက်ခိုက် မှုတွေ ဖြစ်လာတာ လို့လည်း တိုင်းရင်းသားတွေ ဘက်က ယူဆ နေပါတယ်။ အခု လက်ရှိ ရထားတဲ့ နားလည် မှုတွေ ဆွေးနွေး မှုတွေ ကိုတော့ မပျက်စေ ချင်ဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

ဒါပေမယ့်လည်း ဘယ်လိုမှ ဆွေးနွေး လို့ မရတဲ့ အနေ အထား မျိုး ဆိုရင်တော့ အရင် အဟောင်း ပုံစံပဲ ပြန်ဖြစ် လိမ့်မယ်လို့ နိုင်ဟံသာက ဘီဘီစီကို ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ