မြန်မာ့ ကျောက်မျက်ပြပွဲ မှာကျောက်စိမ်း ပိုရောင်း

  • 17 အောက်တိုဘာ 2014
_burma_jade_
Image caption မြန်မာ့ ကျောက်စိမ်း

နေပြည်တော်မှာ ကျင်းပနေတဲ့ မြန်မာ့ ကျောက်မျက်ပြပွဲ (၃)ရက်မြောက်နေ့မှာတော့ ကျောက်စိမ်း နဲ့ ကျောက်မျက် အတွဲတွေ ကို ရောင်းနေပါပြီ။ ပြည်တွင်းကျောက်မျက် လုပ်ငန်းရှင်တွေ ကို ရည်ရွယ် ရောင်းချတဲ့ ဒီ ကျောက်မျက်ပြပွဲကို သီတင်းတစ်ပတ်ကြာ ပြုလုပ်တာ ဖြစ်ပါတယ်။

ဒီတခေါက်ပြပွဲဟာ အရင်အခေါက်တွေ တုန်းကထက် ကျောက်စိမ်း အတွဲတွေ ပိုမို ရောင်းချ မှာ ဖြစ်ပါတယ်။

မြန်မာ ကျပ်ငွေနဲ့ ရောင်းချတဲ့ ဒီ ပြပွဲဟာ အသေးစား ကျောက်မျက် ပြပွဲ လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရင်ခေါက်တွေတုန်းက ပြပွဲတွေမှာ ရောင်းချခဲ့တဲ့ ပမာဏနဲ့ (၃)ဆလောက် ပိုပြီး ကျောက်စိမ်းအတွဲပေါင်း (၆၉၀ဝ)ကျော် နဲ့ ကျောက်မျက်ရိုင်း အတွဲ (၁၀ဝ) ကျော် ကို ရောင်းချမှာ ဖြစ်ပါတယ်။ ဒီပြပွဲမှာ အရည်အသွေးနိမ့် ကျောက်အမျိုးအစားတွေ ကို ရောင်းတာ ဖြစ်ပေမယ့် လည်း ဒါဟာ ပြည်တွင်း ကျောက်အချောထည် လုပ်ငန်း အတွက် အရေးကြီးတယ်လို့ သတ္တုတွင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက ဘီဘီစီ ကို ပြောပါတယ်။ ဒီကျောက်မျက်ပြပွဲမှာ ပြည်တွင်း ကျောက်မျက် ကုန်သည် (၃)ထောင်ကျော် လာရောက် ကြည့်ရှုနေကြတာပါ။ ပြပွဲမှာတော့ ကျောက်စိမ်းအတွဲတစ်တွဲကို ကြမ်းခင်းဈေး အဖြစ် မြန်မာငွေကျပ် (၁၀)သိန်းကနေ သိန်း (၁၀ဝ) ကျော်အထိ လေလံတင် ရောင်းချဖို့ သတ်မှတ်ထားပါတယ်။ ပြပွဲ ကနေ ကျောက်စိမ်း ကျောက်မျက် ရောင်းရငွေ ကျပ်ငွေ သန်းပေါင်း (၁) သောင်း အထိ ရဖို့ ခန့်မှန်းထားပြီး ပြည်တွင်း ကျောက်မျက် ကုန်သည်တွေ စိတ်ဝင်စားကြတယ်လို့ မြန်မာ့ ကျောက်မျက်အသင်း က အတွင်းရေးမှူး ဦးဇော်ဘိုခန့် က ဘီဘီစီ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ပြည်တွင်း ကုန်သည်တွေ ကို ရည်ရွယ်တဲ့ ကျောက်မျက်ပြပွဲ ကို တနှစ်တခါလောက် ပြုလုပ်လေ့ ရှိပါတယ်။ ဒါ့အပြင့် ပြည်ပ ကျောက်မျက် ကုန်သည်တွေအတွက်လည် ကျောက်မျက်ပြပွဲ အကြီးစားတွေ မကြာခဏ ကျင်းပလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက ပြုလုပ်တဲ့ ကျောက်မျက် ပြပွဲ မှာ တော့ ကျောက်စိမ်း တခုတည်း ရောင်းရငွေ ဟာ ယူရိုငွေ (၂.၆)ဘီလျံ အထိ ရှိခဲ့ပါတယ်။