ဦးဆန်းဆင့် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံရ

  • 17 အောက်တိုဘာ 2014
Image caption ဝန်ကြီးတချို့ အဂတိ လိုက်စားမှု ရှိတယ်လို့ ဦးဆန်းဆင့်က လူသိရှင်ကြား ထုတ်ပြော ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး အခုလို အရေးယူခံခဲ့ရ

မြန်မာ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် တရားရုံးက ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်အောင် လုပ်မှု စွဲချက်တွေနဲ့ စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၃နှစ် ချမှတ်လိုက်ပါတယ်။

ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားမှု စွဲချက်အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်၊ နိုင်ငံတော် အကြည်ညို ပျက်အောင် လုပ်မှု စွဲချက်အတွက် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့တာပါ။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ ဇွန်လလောက်က သာသနာရေး ဝန်ကြီး အဖြစ်ကနေ ရာထူးကနေ ရပ်စဲပြီးတဲ့နောက် နိုင်ငံပိုင်ငွေကို အလွဲသုံးစား လုပ်တယ်ဆိုတဲ့ အမှုနဲ့ တရားစွဲဆို ဖမ်းဆီး ထားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးတချို့ အဂတိ လိုက်စားမှုတွေ ရှိနေတယ်ဆိုပြီး ဦးဆန်းဆင့်က လူသိရှင်ကြား ထုတ်ဖေါ်ပြောခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဝန်ကြီးဟောင်း တစ်ဦးကို ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အမှုစီရင်ချက် ချတာ ဒါဟာ ပထမဆုံး အကြိမ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဦးဆန်းဆင့်အပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေကို ပြန်လည် သုံးသပ်ပြီး လျှော့ပေါ့ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် (၅၁)ဦး ရဲ့ တောင်းဆိုချက်ကို ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက လက်မှတ်ထိုးပြီး သမ္မတနဲ့ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်ထံ ပေးပို့ထားပါတယ်။

Human Rights Watch လူ့အခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့ကတော့ ဒီပြစ်ဒဏ် ဟာ လုံးဝ မလျော်ကန်တဲ့ ပြစ်ဒဏ် ဖြစ်တယ်လို့ ပြောပါတယ်။

အမှုနဲ့ ပတ်သက်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေတွေက အယူခံဝင်မယ်လို့ ပြောခဲ့ပြီး မနက်ဖြန် အောက်တိုဘာလ ၁၈ရက်နေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းဖို့ အစီအစဉ်ကိုတော့ အကြောင်းမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။