အစိုးရစစ်တပ်နဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အကြား အပစ်အခတ်ရပ်

  • 19 အောက်တိုဘာ 2014
SSPP-SSA ဓာတ်ပုံ မူပိုင် no credits
Image caption SSA တပ်ဖွဲ့ စစ်ရေးပြနေစဉ်

တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အစိုးရစစ်တပ်နဲ့ SSPP-SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အကြား အပစ်အခတ် ရပ်နိုင်ပြီ လို့ SSPP ပြောခွင့်ရပုဂ္ဂိုလ် က ဘီဘီစီ ကိုပြောပါတယ်။

ကျေးသီးမြို့နယ်အတွင်း က SSPP-SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ စခန်းထိုင်ရာ နေရာတခု ဖြစ်တဲ့ တာဖာဆောင်စခန်း နေရာ ကို အစိုးရစစ်တပ်ဖက် က ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး SSPP-SSA ဖက်က အဲဒီ တောင်းဆိုချက်ကို လိုက်လျောခဲ့ပြီးတဲ့နောက် အခုလို အပစ်အခတ်ရပ်စဲ တာ ပြန်ဖြ်စ လာခဲ့တာပါ။

၂၀၁၂ ခုနှစ်အတွင်းကတည်းက အစိုးရစစ်တပ်နဲ့ SSPP-SSA တပ်တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြပေမယ့် တိုက်ပွဲတွေ က ပြန်ဖြစ်ခဲ့ပါတယ်။

အခု အောက်တိုဘာလ အစောပိုင်းတုန်းက လည်း သူတို့ ၂ ဘက်အကြားတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်ပြီး အရှေ့အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တို့က တိုင်းမှူးတွေပါ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ SSPP-SSA တို့အကြား ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ရလဒ် ရလာခဲ့ကြောင်း SSPP-SSA ကိုယ်စားလှယ်အဖွဲ့ ကို ဦးဆောင်သူလည်းဖြစ်၊ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး လည်းဖြစ်တဲ့ စဝ်ခွန်ဆိုင် က ဘီဘီစီ ကိုပြောပါတယ်။

အခု တာဖာဆောင်စခန်း က ပြန်ဆုတ်ခွာပေးခဲ့တာ ကတော့ နယ်မြေအရလည်းအချက်အချာ မကျတာကတကြောင်း၊ ဒီကိစ္စနဲ့ ရေရှည်မယ့် စစ် ထပ်မဖြစ်စေချင်တာက တကြောင်း တို့ကြောင့် ဆုတ်ခွာပေးခဲ့တာ လို့ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး ရေရှည်နိုင်ဖို့ဆိုတာကတော့ ၂ ဘက်လုံးမှာ တာဝန်ရှိပြီး အစိုးရ စစ်တပ် ဖက်က ပိုတာဝန်ရှိတယ် လို့ သူ ကပြောပါတယ်၊ သူတို့ဘက်က စတိုက်ခိုက်ခဲ့တာ မဟုတ်ပဲ သူတို့ကို လာတိုက်လို့သာ ခုခံ တိုက်ခိုက်ရတာ လို့လည်း ပြောပါတယ်။

အခုဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်က နယ်မြေတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူပေါင်း ညှိနှိုင်း ရေး ကော်မတီ ဖွဲ့စည်းရေး အပါအဝင် အချက် ၄ ချက်ကို ကမ်းလှမ်းပြီး ဒီအချက်တွေ အပေါ် SSPP-SSA ဘက် က ဗဟိုကော်မီတီ ကို တင်ပြကာ ပြန်အကြောင်းပြန်မယ့်အကြောင်း သိရပါတယ်။