ကော်တောင် လူသတ်မှု ထိုင်းရဲကို ခေါ်ယူ စစ်ဆေး

  • 20 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ရဲ အဖွဲ့ အစည်းက တာဝန်ရှိ သူတွေကို ၂၇ ရက် နေ့မှာ ခေါ်ယူ မေးမြန်း ဦးမှာ ဖြစ်ပါတယ်

ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး အသတ် ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထားတဲ့ မြန်မာ နိုင်ငံသား နှစ်ဦးကို ရဲက ရိုက်နှက် စစ်ဆေး ခဲ့တယ်လို့ သတင်း ထွက်ပေါ်တဲ့ အပေါ် ထိုင်း လူ့အခွင့် အရေး ကော်မရှင်က ရဲကို ခေါ်ယူ မေးမြန်းခဲ့ ပါတယ်။

ရဲက ရိုက်နှက်တယ် ဆိုတာကို တိုင်းကြားချက် လည်းရ သလို အဖမ်းခံ ရသူတွေက ရင်ဘတ် အောင့် နေတယ်လို့ ပြောခဲ့တာ ကြောင့် ရဲကို ခေါ်ယူ မေးမြန်း တာ ဖြစ်တယ်လို့ ထိုင်း လူ့ အခွင့် အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာနိရမ်း ဖိထတ်ဝပ်ချရာ့ က ရှင်းပြ ပါတယ်။

အဖမ်း ခံထား ရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကိုလည်း ဒေါက်တာ နိရမ်း ဖိထတ်ဝပ်ချရာ့ ကိုယ်တိုင် သွားရောက် တွေ့ဆုံခဲ့ ပါသေးတယ်။

ဖန်းငါးကျွန်းက ရဲစခန်းမှူး ပြောတာ ကတော့ သူတို့ ရဲစခန်းကို ရောက်လာ ချိန်မှာ ရိုက်နှက်မှု မရှိဘူးလို့ အခိုင် အမာ ပြောပါတယ်။

ဒါပေမယ့် လည်း ဒီအမှုကို စစ်ဆေး ရာမှာ ဘန်ကောက် ကရော၊ တိုင်း ရဲ တပ်ဖွဲ့ ပေါင်းစုံက ကွင်းဆင်းပြီး စစ်ဆေး တာကြောင့် တခြား အဖွဲ့တွေ ကို မေးမြန်း ကြည့် ရင် ကောင်းမယ်လို့ ဖန်းငါးကျွန်း ရဲစခန်းမှူး ရဲဗိုလ်မှူးကြီး ပရာ့ချုမ်း ရူးယန်းထောင်းက လူ့ အခွင့် အရေး ကော်မရှင်ကို ပြောပါတယ်။

ဒါကြောင့် ရဲ အဖွဲ့ အစည်းက တာဝန်ရှိ သူတွေကို နောက်တစ်ပတ် တနင်္လာနေ့ ၂၇ ရက် နေ့မှာ ခေါ်ယူ မေးမြန်း ဦးမှာ ဖြစ်ပါတယ်။

အဖမ်းခံ ထားရ သူတွေရဲ့ ရင်ဘတ်မှာ နာကျင် တာကို ဓါတ်မှန် ရိုက်ပေး ဖို့ကိုလည်း ထောင်မှူးကို အကြောင်း ကြားထား ပြီလို့လည်း ပြောပါတယ်။

အဖမ်းခံ ထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း မိဘ ဆွေမျိုးတွေ ထိုင်းကို လာတွေ့ နိုင်ဖို့ ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ဗီဇာ တင်လိုက် ပြီလို့ ဒီကိစ္စ အတွက် ကူညီ ဆောင်ရွက်ပေး နေတဲ့ ရခိုင် အမျိုးသား ကွန်ရက် ဥက္ကဌ ဦး တင်ထွန်းအောင်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံက ကျွမ်းကျင်တဲ့ မှုခင်း ပညာရှင် လာရောက် ဖို့ကိုတော့ လောလော ဆယ် မသိရ သေးဘူးလို့ ဦးတင်ထွန်းအောင်က ပြောပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ