NCCT က အပစ်ရပ်ထက် နိုင်ငံရေးဆွေးနွေးလို

  • 21 အောက်တိုဘာ 2014
_bbc_304x171
Image caption NCCT ခေါင်းဆောင် နိုင်ဟံသာ

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု NCCT ဘက် က လိုလားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဟာ၊ လက်ရှိသမ္မတ သက်တမ်းမှာ မရောက်နိုင်ဘူး လို့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC က ပြောလို့ NCCT ဘက် ကလည်း စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လိုလားကြောင်း ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးဖို့၊ အပစ်ရပ်ဖို့ ဆိုတဲ့ နေရာမှာ တန်းတူ ညီမျှတဲ့ အနေအထား၊ တရားမျှတတဲ့ နိုင်ငံရေး ဆွေးနွေးမှု ကို လက်ခံ နိုင်ရေးဟာ NCCT အတွက် အရေးကြီးကြောင်း နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။ တပ်မတော် အပါအဝင် အစိုးရ အနေနဲ့ လည်း သဘောထား မပြောင်းဘဲ၊ တိုင်းရင်းသားတွေ နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ဖြစ်ပေါ်ဖို့ ပထမ အဆင့် အနေနဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူညီမှု ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လက်ရှိ အစိုးရ လက်ထက်မှာ လက်မှတ်ရေးထိုး နိုင်ရေးကို လိုလားတာပါ။

စစ်မှန်တဲ့ ပြည်ထောင်စု၊ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ကို ဦးတည်ရမယ် ဆိုတဲ့ နားလည်မှု မျိုး ကို အစိုးရ အနေနဲ့ ရစေလိုကြောင်း၊ ဒါတွေ မှ မရရင် အပစ်ရပ်ရုံနဲ့ နိုင်ငံရေး ဆွေးနွေးရေး အပိုင်းမှာ မရေရာရင် NCCT အနေနဲ့ လက်မခံနိုင်ဘူး လို့ နိုင်ဟံသာ ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ဆွေးနွေးပွဲတုန်း က အဆင်ပြေပေမဲ့၊ စက်တင်ဘာလ ကျတော့၊ တပ်မတော် က အရင် သဘောတူတာတွေ ကို ပြင်ပြီး၊ တင်းမာတဲ့ သဘော ဆောင်လာတာ ကို ပြောပါတယ်။ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှာ ကိုလည်း မလိုလားတဲ့ သဘောပြတာကို လည်း နိုင်ဟံသာ ကပြောပါတယ်။