မြန်မာအလုပ်သမား ၃၀ဝ၀ လောက် ဘန်ကောက်မှာ ငွေလိမ်ခံရ

  • 22 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင် ဘက်ခြမ်း ဘန်းဘော အရပ်မှာ ရှိတဲ့ ထိုင်းကုမ္ပဏီတခုက သူတို့ဆီမှာ အစုရှယ်ယာ ဝင်ရင် ၄ လအတွင်း အမြတ် ၄ ဆ ရမယ် ဆိုပြီး မက်လုံးပေး ခဲ့တာကို ယုံခဲ့မိတဲ့ မြန်မာ အလုပ်သမားတွေ ဘတ်ငွေ သန်း ၃၀ လောက် အလိမ်ခံလိုက်ရပါတယ်။

သူတို့ ကုမ္ပဏီမှာ အစုရှယ်ရာ တစ်စုကို ဘတ် ၁ သောင်းနှုန်းနဲ့ အစုဝင်ရင် ၄ လ အကြာမှာ ဘတ် ၄ သောင်းခွဲရမယ်၊ တခြား အခွင့်အရေးတွေလည်း ရမယ်လို့ ပြောတဲ့အတွက် အလုပ်သမားတွေက အစုရှယ်ယာ ဝယ်ခဲ့တာ ဖြစ်တယ်လို့ အစု ၄ စုဝယ်ခဲ့သူ ကိုကျော်လင်းဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒီကိစ္စအတွက် လောလောဆယ် ရဲစခန်းမှာ တိုင်ချက် ဖွင့်ထားတဲ့သူ ၅၀ဝ နီးပါးရှိပြီး ငွေတန်ဘိုးအားဖြင့် ဘတ် ၃ သန်းကျော် ရှိကြောင်း၊ ထိုင်းငွေကြေးဆိုင်ရာ ဌာနကိုလည်း သွားရောက် တောင်းဆိုမှာ ဖြစ်ကြောင်း အလုပ်သမားတွေ ဘက်က ကူညီ ဆောင်ရွက်ပေးနေသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ အမ်အေတီက ဦးခိုင်ကြီးက ပြောပါတယ်။ လောလောဆယ်တော့ ကုမ္ပဏီက ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

အခု အလိမ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်နိုင်ရေး အတွက် မြန်မာသံရုံးကလည်း အကူအညီပေးခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ် ပင်ပင်ပန်းပန်း လုပ်ရတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ သက်သက်သာသာနဲ့ တဖက်တလမ်းက ဝင်ငွေရမယ် ဆိုတဲ့ မက်လုံးမျိုးတွေကို ယုံစားမိတဲ့အတွက် အခုလို မကြာခဏ အလိမ်ခံရလေ့ ရှိပါတယ်။