DKBA ကလို့ထူးဘော တပ်ဖွဲ့ ဗျူဟာမှူး အထုတ်ခံရ

  • 23 အောက်တိုဘာ 2014
Image caption ဒုဗိုလ်မှူးကြီး ဆန်းအောင်ဟာ စစ်ရေး အတွေ့အကြုံများသူလို့ ဆို

DKBA ကလို့ထူးဘော တပ်ဖွဲ့ ဌာနချုပ်က သူတို့ရဲ့ ဗျူဟာမှူး ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ဆန်းအောင်ကို အောက်တိုဘာလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြီး အဖွဲ့ကနေ ထုတ်ပယ် လိုက်ပါတယ်။

ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA ကလို့ထူးဘော တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ကိုယ်စား ဒုဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက လက်မှတ်ရေးထိုးပြီး ထုတ်ပယ် လိုက်တာပါ။

ဒုဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA ကလို့ထူးဘော တပ်ဖွဲ့က ထုတ်ပယ်လိုက်တဲ့ ကြေညာချက်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့တုံးက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ DKBA နဲ့ အစိုးရတပ် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး ဆန်းအောင်ကို ဌာနချုပ်ကို သွားရောက် ရှင်းပြခိုင်းတာကို မနာခံခဲ့တဲ့အတွက် အခုလို ထုတ်ပယ်လိုက်တာလို့ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး ဆန်းအောင်ကို မေးမြန်းဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒုဗိုလ်မှူးကြီး ဆန်းအောင်ဟာ စစ်သင်တန်းတွေ အများကြီး ပေးခဲ့ဘူးတဲ့ အတွေ့အကြုံ ရှိတဲ့သူ တဦး ဖြစ်သလို စစ်ရေးနဲ့ နိုင်ငံရေး နှစ်မျိုး စလုံးကို နားလည်ပြီး အဖွဲ့အတွင်းမှာလည်း လူချစ် လူခင် များတယ်လို့ သိရပါတယ်။

ဗိုလ်တိုက်ဂါးကို ဦးထိန်မောင် အဖွဲ့က ထုတ်ပယ်လိုက်တာနဲ့ ဗိုလ်ဆန်းအောင်ကို ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့ကနေ ထုတ်လိုက်တာတွေဟာ ရိုးရိုးသားသား တိုက်ဆိုင်မှုတော့ မဟုတ်ဘူးလို့ ကရင်လူမျိုးစု လက်နက်ကိုင်အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။