MPC နဲ့ NCCT နိုင်ငံရေး ဆွေးနွေးပွဲ အခြေအနေ

  • 22 အောက်တိုဘာ 2014
minzawoo_304x171_ ဓာတ်ပုံ မူပိုင် MPC
Image caption ဒေါက်တာမင်းဇော်ဦး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ NCCT နဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC အကြား နိုင်ငံရေး ဆွေးနွေးပွဲ ဟာ လက်ရျိသမ္မတ သက်တမ်း မှာ မဖြစ်နိုင်ဘူး လို့ MPC က လွတ်တော် ကိုယ်စားလှယ် တွေ ကို ဘယ် အချက်တွေ အခြေခံပြီး ပြောတာ ကို MPC အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း အကောင် အထည် ဖေါ်မှု အစီအစဉ် ဒါရိုက်တာ မင်းဇော်ဦး က ရှင်းပြပါတယ်။

တကယ်တော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို နှစ်ဘက်စလုံး က ရရှိအောင် ကြိုးစား နေကြပြီး၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ပြုလုပ်မယ် လို့ ဒါရိုက်တာ မင်းဇော်ဦး က ဘီဘီစီ ကို ပြောပါတယ်။ နိုင်ငံရေး ရဲ့ သဘော သဘာဝ က ဘယ်နိုင်ငံ မှာမှ တနှစ်ထဲ မှာ ပြီးပြတ်တယ် ဆိုတာ မရှိတဲ့ အကြောင်း၊ အနည်းဆုံး ၂ နှစ် ၃ နှစ် မှ ၁၀ နှစ် ကြာတတ်ပုံ၊ ဒီနှစ် အတွင်း တနိုင်ငံ လုံး အပစ်ရပ် လုပ်နိုင်ရင်၊ နောက်နှစ် မှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်မဲ့ အကြောင်း ပြောပါတယ်။

ဒီလို ဆွေးနွေးကြရာမှာ မဖြစ်နိုင်တဲ့ အနေအထား ကို မရောက်နိုင်တဲ့ အကြောင်း၊ ဖယ်ဒရယ် စနစ် ကိုလည်း တိုင်းရင်းသားတွေ တောက်လျှောက် တောင်းလာခဲ့ တာ အခုဆို ဒီစနစ် ကို ဦးတည် မယ် လို့ သဘောတူလိုက်တဲ့ အတွက်၊ မြန်မာ့ သမိုင်းမှာ ဘယ်အစိုးရ လက်ထက် ကမှ အသိအမှတ် မပြုတာ ကို အခု အစိုးရ က ခွင့်ပြု ပြီးကြောင်းလည်း ပြောပါတယ်။

အပစ်ရပ် နဲ့ ပတ်သက်လို့ လည်း၊ နှစ်ဘက်တပ် တွေ လိုက်နာရမဲ့ စည်းမျဉ်း စည်းကမ်းတွေ လည်း ဆွေးနွေးပြီးကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ် ဆိုတဲ့ အာမခံချက် အပါအဝင် ဘယ်လိုလုပ်မယ် ဆိုတဲ့ သဘောတူညီချက် လည်း ရှိပြီးတဲ့ အတွက် ရှေ့ဆက် သွားနိုင်ပါတယ် လို့ ပြောပါတယ်။

တပ်ဘက် က သဘောထားပြောင်းတယ် လို့ NCCT က ထင်တဲ့ အပေါ် မှာတော့၊ တပ်မတော် ဆိုတာ လုံခြုံရေး အဖွဲ့အစည်း ဖြစ်တာကြောင့် လုံခြုံရေး အမြင် ကိုဘဲ ကြည့်ပြီး၊ စိုးရိမ်စိတ် ရှိတယ် လို့ သူမြင်ပုံ ကိုလည်း ဒါရိုက်တာ မင်းဇော်ဦး က ပြောပါတယ်။

တိုက်ပွဲ တွေ ဆက်ဖြစ်နေတာ နဲ့ ပတ်သက် လို့ ရှင်းပြရာ မှာတော့ တဖက်နဲ့ တဖက် ယုံကြည်မှု တည်ဆောက်ရေး အပိုင်း ကို ထိခိုက်နိုင်ပေမဲ့ တခြား နိုင်ငံတွေ မှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိ တတ်ပုံ နဲ့ မြန်မာနိုင်ငံ ရဲ့ ဆွေးနွေးပွဲ ဒီ အဆင့် အထိ ရောက်လာခဲ့တာ ကမ္ဘာမှာ မရှိခဲ့ဖူး လို့ နှစ်ဘက်စလုံး ဟာ ရှေ့ဆက်သွားမဲ့ အခြေအနေ ရှိပါတယ် လို့ MPC အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း အကောင် အထည် ဖေါ်မှု အစီအစဉ် ဒါရိုက်တာ မင်းဇော်ဦး က ရှင်းပြပါတယ်။