CSIS ရဲ့ အစီရင်ခံစာမှာ မြန်မာ အစိုးရကို ထောက်ပြဝေဖန်

  • 23 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် csis
Image caption သမ္မတ အိုဘားမား မြန်မာနိုင်ငံကို နိုဝင်ဘာလမှာ မသွားရောက်ခင် CSIS က အခုလို အစီရင်ခံစာ ထုတ်ပြန်

CSIS နိုင်ငံတကာ လေ့လာရေးနဲ့ မဟာဗျူဟာ ဌာန မနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ ထဲမှာ ရခိုင်ဒေသ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်မှု တွေအပေါ် ဝေဖန်ထောက်ပြထားပါတယ်။

ရခိုင်ဒေသ ပဋိပက္ခကို ဖြေရှင်းရေး အစိုးရရဲ့ စီမံကိန်းထဲမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ နိုင်ငံသား ဖြစ်ခွင့်ပေးရေး၊ ပြန်လည် နေရာချထားရေး စတာတွေကို ပါဝင်ပေမယ့် တကယ်တမ်း ပဋိပက္ခ ဖြေရှင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရအုံးမယ်လို့ အစီရင်ခံထဲမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း တနိုင်ငံလုံး အပစ်ရပ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး စတဲ့ ကိစ္စတွေမှာ အစိုးရရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့တော့ အပြုသဘော ရှုမြင်ထားပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ကျန်းမာရေး အထောက်အပံ့တွေ နှစ်ဆပိုပေးဖို့နဲ့ မြန်မာ စစ်တပ်နဲ့ အမေရိကန် ထိတွေ့ဆက်ဆံမှုတွေကို အကန့်အသတ်နဲ့သာ ဆက်ထားထားဖို့ကိုလည်း အစီရင်ခံစာထဲမှာ အကြံပြု ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို CSIS အဖွဲ့ သွားရောက် လေ့လာ ကြည့်ရှုခဲ့အပြီးမှာ အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။