ကေအန်ယူ ဗဟို ကော်မတီ အစည်း အဝေးစတင်

  • 23 အောက်တိုဘာ 2014
Lawkheela conference
Image caption ပြီးခဲ့တဲ့ မေလက လော်ခီးလာ ညီလာခံမှာ ကရင် ပြည်သူတွေ ပါဝင်ဆွေးနွေးခဲ့

ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး ဗဟိုကော်မတီ အစည်း အဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့က လော်ခီးလာမှာ စတင် ကျင်းပခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ အထိ ပြုလုပ်မယ့် သုံးရက်ကြာ ဆွေးနွေးပွဲ ပထမနေ့မှာ လက်ရှိ နိုင်ငံရေး အခြေ အနေ၊ ကေအန်ယူနဲ့ အစိုးရကြား လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေ အနေတွေ အပြင် အောက်ခြေက အရာရှိတွေ သိလိုတဲ့ အချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အခု အစည်းအဝေးမှာ ကေအန်ယူဌာန ၁၄ ခုရဲ့ ဆောင်ရွက်ချက် အစီရင်ခံစာတွေကို တင်ပြကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လောလောဆယ် ကေအန်ယူက နုတ်ထွက်ထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ထဲကို ပြန်ဝင် မဝင် ဆိုတာနဲ့ မကြာသေးခင်က KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းထားတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။

အဲဒီ KAF တပ်မတော် ဖွဲ့တဲ့ ကိစ္စမှာ ကေအင်ယူက ဒုတိယ စစ်ဦးစီးချုပ် နဲ့ ကေအင်ဒီအို ဗိုလ်ချုပ်တို့ လက်မှတ်ထိုးတဲ့ ကိစ္စကို လည်း အလေးထား ဆွေးနွေး ကြမယ်လို့ ကေအန်ယူ ဆွေးနွေးပွဲကို စောင့်ကြည့် သတင်းယူနေတဲ့ ဘီဘီစီ မြန်မာ သတင်းထောက်က ပြောပါတယ်။

ကေအန်ယူ အဖွဲ့အတွင်းမှာ ငြိမ်းချမ်းရေး ရရှိဖို့ ဦးဆောင် ဆွေးနွေး နေကြတဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ မြန်ဆန်လွန်းတယ်လို့ ပြောနေကြတဲ့ အုပ်စုတွေ ရှိနေတာကြောင့် အဖွဲ့ နှစ်ခြမ်းကွဲသွားလေမလားဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ တကယ်တန်းမှာ ငြိမ်းချမ်းရေး လိုလားတဲ့ တူညီတဲ့ ရည်မှန်းချက်ကတော့ နှစ်ဘက် စလုံးမှာ ရှိနေတဲ့ အတွက် ကေအန်ယူ နှစ်ခြမ်းကွဲ သွားစရာတော့ မမြင်ပါဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လော်ခီးလာမှာ ကျင်းပတဲ့ အစည်းအဝေးကို ကေအင်ယူ ဗဟိုကော်မီတီ ၅၀ ထဲမှာ နှစ်ယောက်က လွဲရင် ကျန်သူ အားလုံး တက်ရောက်ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ