အမျိုးသမီးကွန်ရက် အဖွဲ့ N-Peace ဆု ဒီနေ့ရမယ်

  • 23 အောက်တိုဘာ 2014
_n_peace_award
Image caption ရှေးရိုး ဓလေ့ ထုံးတွေ ဘောင်တွေ ကနေ တိုးထွက် စဉ်းစား နိုင်တယ် ဆိုတဲ့ ကဏ္ဍမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် အဖွဲ့ ဆုရရှိ။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဌာနက ချီးမြှင့်တဲ့ N-Peace Awards ငြိမ်းချမ်းရေး ဆုကို မြန်မာ နိုင်ငံက ဒေါ်နော်အုန်းလှနဲ့ မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် အဖွဲ့ကို ဒီနေ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။

အဆိုပါ ကွန်ရက်အဖွဲ့ ရရှိတာကတော့ Thinking outside the box ရှေးရိုး ဓလေ့ ထုံးတွေ ဘောင်တွေ ကနေ တိုးထွက် စဉ်းစား နိုင်တယ် ဆိုတဲ့ ကဏ္ဍမှာပါ။

အဲဒီ့ ကွန်ရက် အဖွဲ့ဟာ မြန်မာနိုင်ငံ မှာ လက်ရှိ တွေ့ကြုံ နေရတဲ့ ခွဲခြား ဆက်ဆံ ခံရမှုတွေ ၊ မတရားမှု တွေနဲ့ ပတ်သက် လို့ ကိုင်တွယ် ဖြေရှင်း ပေးနေတဲ့ အပြင် လယ်လုပ်သူ လယ်ပိုင်ခွင့်တွေ အတွက်ပါ ဆောင်ရွက် ပေးနေတာ ဖြစ်တယ် လို့ UNDP အာရှ-ပစိဖိတ် ဆိုင်ရာ ဌာနက ကျားမ မရွေး ပါဝင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ပိုင်းဆိုင်ရာ အစီအစဉ် ကျွမ်းကျင်သူ မစ္စ ရာဒီကာ ဘေရုရီယား က ပြောပါတယ်။

အခုချီးမြှင့်တဲ့ N-Peace Awards တွေကို ပြီးခဲ့တဲ့ ၂၀၁၁ က စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး၊ အာရှ နိုင်ငံတွေ မှာ ငြိမ်းချမ်းမှု တည်ဆောက်ရေး အတွက် အောက်ခြေကနေ အမျိုးသားအဆင့် အထိ အပြောင်းအလဲ တွေ ဖြစ်လာဖို့ ကြိုးပမ်း ဆောင်ရွက် နေသူတွေကို အသိအမှတ်ပြု ချီးမြှင့်ပေးတဲ့ ဆုပါ။

အများ ပြည်သူရဲ့ အွန်လိုင်းက မဲပေး ရွေးချယ်မှု နဲ့ ကျွမ်းကျင်သူ ပညာရှင်တွေ ပါတဲ့ ရွေးချယ်ရေး အဖွဲ့တွေ ကနေ ကဏ္ဍအလိုက် ရွေးချယ် ချီးမြှင့်ကြ တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် မြန်မာ အပါအဝင် ဖိလစ်ပိုင်၊ အာဖဂန် နစ္စတန် ၊ အင်ဒိုနီးရှား၊ နီပေါ နဲ့ ပါကစ္စတန် တို့ က လူပုဂ္ဂိုလ် တဦးချင်းနဲ့ အဖွဲ့အစည်းတွေ ကနေ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီနှစ် အတွက် N-Peace ဆုကို တဦးချင်း အနေနဲ့လည်း မြန်မာ နိုင်ငံက တိုင်းရင်းသား အရေးလှုပ်ရှားသူ မိခင်ခင်ကြူ နဲ့ နိုင်ငံရေး အကျဉ်းသူ ဟောင်း တဦးဖြစ်တဲ့ မဝေဝေနု တို့လည်း ရရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ