တပ်ကဖမ်းထားတဲ့ သတင်းထောက် ကိုပါကြီး သေဆုံးပြီ

Par Gyi
Image caption ကိုပါကြီး (ယာအစွန်)ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး သုံးရောင်ခြယ်အဖွဲ့ထဲမှာလည်း ပါခဲ့သူ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ တပ်မတော်က ထိန်းသိမ်းထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင်ကို ထွက်ပြေးဖို့ ကြိုးစားစဉ် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ သေဆုံးသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုပါကြီးဟာ လက်နက်ကိုင် KKO အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အောင်နိုင် ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းထားစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံးနေတာ တလနီးပါး ရှိနေပြီးမှ အခုလို သတင်းထွက်လာတာ ဖြစ်ပါတယ်။ ကိုပါကြီးဟာ သတင်းထောက် အလုပ်လုပ်နေသူ တစ်ယောက်သာ ဖြစ်ပြီး ပြည်တွင်းဂျာနယ် အချို့နဲ့ ပြည်ပ သတင်းဌာနတွေကို သတင်းတွေ ပို့ပေးနေသူ ဖြစ်တယ်လို့ မိတ်ဆွေတွေက ပြောကြပါတယ်။

မွန်ပြည်နယ် ကျိုက်မရော အခြေစိုက် ခမရ ၂၀၈ က သူ့ကို စစ်ကြောင်းထွက်စဉ် ခေါ်သွားခဲ့ပြီး ညဖက် စခန်းချနေတုန်းမှာ သူက အစောင့်ဆီက သေနတ်ကို လုပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့လို့ အောက်တိုဘာလ ၄ ရက်နေ့က ပစ်ခတ်ခဲ့တာလို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုပါကြီး အလောင်းကိုလည်း စခန်းချရာနေရာ အနားမှာပဲ မြေမြုပ်သဂြိုဟ်ခဲ့ပြီလို့ ဆိုပါတယ်။

ကိုပါကြီး ပျောက်နေတာကို ဇနီးဖြစ်သူ မသန္တာက သတင်းအရ ခမရ ၂၀၈ ရုံးကို အောက်တိုဘာလ ၁၉ ရက်နေ့က သွားစုံစမ်းခဲ့ပါတယ်။ သူနဲ့ အတူ အဲဒီတုန်းက လိုက်ပါကူညီပေးခဲ့သူ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်စိုးမြင့်ကတော့ ခမရ ၂၀၈ တပ်ရေးဗိုလ်ကြီးက သူတို့ဆီမှာ ကိုပါကြီး မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အချိန်အရ တွက်ကြည့်ရင် အဲဒီရက်မှာ ကိုပါကြီး သေဆုံးပြီးဖြစ်နေပါတယ်။

နိုင်စိုးမြင့်ကတော့ ခမရ ၂၀၈ မှာ ကိုပါကြီးကို ဖမ်းထားကြောင်း မွန်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီးက သူ့ကို ပြောပြထားလို့ သူတို့ သွားမေးခဲ့တာလို့ ဆိုပါတယ်။

ကိုပါကြီးကို ကျိုက်မရောမြို့မှာ ဖမ်းဆီးခဲ့ပြီး စစ်တပ်ထဲ ခေါ်သွားတာကို မြို့ခံတွေကလည်း မျက်မြင်တွေ့ထားကြတယ်လို့ နိုင်စိုးမြင့်က ပြောပါတယ်။

ကိုပါကြီး ပစ်ခတ်ခံခဲ့ရတဲ့ နေရာဟာ ပြီးခဲ့တဲ့ လက ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာနားမှာလည်း ဖြစ်ပြီး သူ့ကို ဘာဖြစ်လို့ အဲဒီလို စစ်ကြောင်းထွက်တဲ့အထဲ ခေါ်ဆောင်သွားလည်း ဆိုတာကိုလည်း နားမလည်နိုင်ဘူးလို့ နိုင်စိုးမြင့်က ပြောပါတယ်။

ကိုပါကြီးရဲ့ ဇနီး မသန္တာကတော့ ကိုပါကြီးအတွက် အမှန်တရား ပေါ်ပေါက်အောင် လုပ်သွားမယ်၊ အလောင်းကို ပြန်ရအောင်ယူမယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။