အမျိုးစောင့် ဥပဒေ ပြဌာန်းဖို့ ဆန္ဒ ထုတ်ဖော်

  • 25 အောက်တိုဘာ 2014
Image caption အမျိုးစောင့် ဥပဒေ ပြဌာန်းဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ကြိုးပမ်းနေ

အမျိုးစောင့် ဥပဒေ အမြန်ဆုံး ပြဌာန်းပေးရေး အတွက် အောက်တိုဘာလ ၂၅ ရက်နေ့က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

အမျိုးစောင့် ဥပဒေ ပြဌာန်းရေးနဲ့ ပတ်သက်လို့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေရာမှာ အချိန် ကြန့်ကြာနေတဲ့အတွက် လောဆော်တဲ့အနေနဲ့ အခုလို ဆန္ဒ ထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဗဟို အလုပ်အမှုဆောင် ဦးမောင်မောင် က ဘီဘီစီကို ပြောပါတယ်။

ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကတော့ မူကြမ်း ထွက်လာပြီ ဖြစ်ပေမယ့် လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့တော့ ခုချိန်ထိ လွှတ်တော်မှာ တင်ပြ ဆွေးနွေးတာမျိုး မရှိသေးတဲ့အတွက် ဒါကို သတိပေး ဆော်သြဖို့ အခုလို တောင်းဆို ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

အမျိုးစောင့် ဥပဒေဟာ တခြား ဘာသာဝင်တွေကို ဖိနှိပ်ပြီး ဗုဒ္ဓဘာသာတခုတည်း အသာစီး ယူမယ့် ဥပဒေမျိုး မဟုတ်ပဲ ဘာသာတိုင်း လူမျိုးတိုင်းကို အကာအကွယ် ပေးမယ့် ဥပဒေ ဖြစ်တာမို့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို အထောက်အကူ ဖြစ်လာစေမယ်လို့ ဦးမောင်မောင် က ပြောပါတယ်။

အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ အများပြည်သူ စိတ်ဝင်စားလာပြီး သူတို့နဲ့ လာရောက် ဆွေးနွေး ညှိနှိုင်းတာမျိုး လုပ်လာမယ် ဆိုရင် ကြိုဆိုတယ်လို့လည်း ပြောပါတယ်။