စာရေးဆရာကြီးဦးအောင်သင်း ကွယ်လွန်

  • 25 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် U Aung Thin Family
Image caption လူငယ်တွေ တိုးတက်ရေးစာပေတွေ ရေးသားဟောပြောခဲ့တဲ့ ဆရာအောင်သင်း

လူငယ်တွေအတွက် စိတ်ခွန်အားမြှင့်တင်ပေးတဲ့ စာတွေ၊ ရသစာပေ ဝေဖန်ရေးတွေနဲ့ ဝတ္ထုတို အမြောက်အများကို ရေးခဲ့တဲ့ မြန်မာစာကထိကဟောင်း 'စာပေ လူကြမ်းမင်းသား'ကြီး လို့ လူသိများတဲ့ စာရေးဆရာဦးအောင်သင်း ဟာ စနေနေ့မနက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဆရာဦးအောင်သင်းဟာ၊ ဝတ္တုတို စာရေးဆရာလောက၊ လူထုပညာပေး ဟောပြောသူတွေလောက ၊ လူငယ်စာပေလောကရဲ့ လမ်းပြမီးရှူးတန်ဆောင်ဖြစ်တာမို့ သူကွယ်လွန်သွားတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ စာရေးဆရာ ဖေမြင့်က ပြောပါတယ်။ ဂုဏ်ထူး ဦးသိန်းနိုင်(မြန်မာစာ)ကတော့ ဆရာ ဦးအောင်သင်းဟာ စာရေးဆရာလောကမှာတင် အောင်မြင်တာမဟုတ်ဘဲ ဘဝ ၄ ခုစာ လုပ်ဆောင်နိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာဦးအောင်သင်းပြုစုခဲ့တဲ့ ကံကော်မြိုင်စာတန်းကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာ အထက်တန်းနဲ့ အလယ်တန်း ကျောင်းသုံး မြန်မာစာ စကားပြေ လက်ရွေးစင်အဖြစ် ပြဌာန်းခဲ့ဘူးပါတယ်။

ဆရာအောင်သင်းဟာ တောင်တွင်းကြီးသားဖြစ်တာမို့ တောင်တွင်းက အောင်သင်းလို့ အများက တွဲမှတ်ပေမယ့် သူဟာ လွတ်လပ်ရေးရပြီးနောက်မှာ ထောင်ပေါင်းများစွာမှာ နေခဲ့ရသူဖြစ်လို့ ထောင်တွင်းက အောင်သင်းလို့ပဲ မှတ်ထားဖို့ စာပေဟောပြောပွဲတွေမှာ သူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်။

ဆရာအောင်သင်းဟာ သရက်ထောင်ဖေါက်ခဲ့စဉ်က ဆိုတဲ့ ဆောင်းပါးနဲ့ စာပေလောကထဲကို ဝင်ရောက် လာခဲ့တာ ဖြစ်ပြီး လူငယ်စာပေ၊ စာစီစာကုန်းရေးနည်းလမ်းညွန်နဲ့ အတွေးအမြင်စာပေတွေကို ရေးသားခဲ့ရာမှာ ကွယ်လွန်ချိန်ထိ စာအုပ်ပေါင်း ၄၀ ကျော် ရေးသားထုတ်ဝေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဆရာအောင်သင်းရဲ့ ရုပ်ကလာပ်ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ရေဝေးသုဿာန်မှာ ဂူသွင်းသင်္ဂြုလ်မှာ ဖြစ်ပါတယ်။