ကိုပါကြီး သေဆုံးမှု ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ တောင်းဆို

  • 26 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့ ခေါင်းဆောင်ပြီး၊ လူ ၅၀၀ ကျော် ဆန္ဒပြ တောင်းဆို

အလွတ် သတင်းထောက် ကိုပါကြီး (ခ) ဦးအောင်ကျော်နိုင်ကို မြန်မာ အစိုးရ စစ်တပ်က ဖမ်းဆီး ထားစဉ် သေဆုံး ခဲ့ရမှု အပေါ် နိုင်ငံတော် အဆင့် ကော်မရှင် တစ်ရပ် ဖွဲ့ ပြီး အရေးယူ ပေးဖို့ ရန်ကုန် မြို့လယ်မှာ ဒီမိုကရေစီ အင်အားစု တွေက စုဝေးပြီး လူထု ကန့်ကွက်ပွဲ ပြုလုပ်ကာ တောင်းဆို လိုက်ပါ တယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်းက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲကို လူပေါင်း ၅၀၀ ကျော်လောက် တက်ရောက် ခဲ့ပြီး၊ ၈၈ ပွင့်လင်း အပါ အဝင် အဖွဲ့ ၄၆ ဖွဲ့ ကနေ လည်း ကြေညာချက် ထုတ်ပြန်ပြီး စုံစမ်း စစ်ဆေး အရေးယူ ပေးဖို့ မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

ကိုပါကြီးဟာ မွန် ပြည်နယ် အတွင်း တပ်မတော်ရဲ့ ဖမ်းဆီး တာကို ခံခဲ့ ရပြီး၊ ထွက်ပြေးလို့ ဆိုကာ သေနတ် ဒဏ်ရာနဲ့ သေဆုံး ခဲ့တာလို့ တပ်မတော်က သတင်း ထုတ်ပြန် ခဲ့ပါတယ်။ ဒါပေမယ့်လည်း အလောင်း ကိုတော့ ကာယကံရှင် ထံ ပြန် မပေးဘဲ စစ်တပ် ကပဲ သင်္ဂြိုဟ် လိုက်ပြီလို့ ပြောပါတယ်။

အစိုးရ ဘက်ကတော့ ကိုပါကြီး ဟာ ကရင်လက် နက် ကိုင် အဖွဲ့ဝင် တစ်ဦး ဆိုပြီး၊ သတင်းထုတ် ပြန်ထား ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဘယ်သူပဲ ဖြစ်ဖြစ် မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ ဒီကိစ္စ ဟာ လူ့အခွင့် အရေး ချိုးဖောက် ခံရတာ ဖြစ်တယ်လို့ မြန်မာ သတင်း သမားများ ကွန်ယက်က အထွေထွေ အတွင်း ရေးမှူး ကိုမြင့်ကျော် က ပြောပါတယ်။

မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ကော်မရှင် ဘက်ကတော့ ဒီကိစ္စ နဲ့ ပက်သတ်လို့ သဘောထား ထုတ်ပြန် တာမျိုး မရှိ သေးပါဘူး။

ကချင် ငြိမ်းချမ်းရေး ကွန်ယက်က ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဒေါ်ခွန်ဂျာ ကတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသ တွေမှာ အစိုးရ စစ်တပ်ကနေ သံသယ ရှိသူ တွေကို ဖမ်းဆီး ခေါ်ဆောင်ပြီး လက်စ ဖျောက်ပစ် တာတွေ အရင် ကတည်းက ရှိနေခဲ့တာ လို့ ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ အတင်းအကျပ် ဖျောက်ဖျက်ခြင်း ခံရသူများ အား ကာကွယ်ပေးရေး အပြည်ပြည် ဆိုင်ရာ ပဋိဉာဉ် (ICCPED) ကို လက်မှတ်ထိုး အကောင် အထည် ဖေါ် ဆောင်ရွက်ဖို့ လိုအပ် နေတယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။