မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ခလစာနည်း

  • 29 အောက်တိုဘာ 2014
burmese_workers_
Image caption မြန်မာ လုပ်ခကြေးငွေ မညီမျှ

အမျိုးသမီး အလုပ်သမား တွေဟာ အမျိုးသားတွေ ထက် လုပ်ခလစာ ပိုနည်းတယ် ဆိုတာ မြန်မာ နိုင်ငံက စက်ရုံ အလုပ်သမား တွေ ကြားမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေတဲ့ ကိစ္စပါလို့ အလုပ်သမားတွေနဲ့ အလုပ်သမား အခွင့် အရေး လှုပ်ရှားသူတွေက ပြော ကြ ပါတယ်။

တာရှင်း အထည်ချုပ် စက်ရုံက အလုပ်သမားတစ်ယောက် က သူတို့ စက်ရုံမှာ အမျိုးသမီး တွေကို ခွဲခြား ဆက်ဆံ ခံရတယ်လို့ ပြောပါတယ်။ ရာထူး တိုးပေး ရင်တောင်၊ မိန်းကလေး က တဆင့် တိုးရင်၊ အမျိုးသားတွေ ကို နှစ်ဆင့် တိုးပေးကြောင်း၊ လစာ လည်း သူတို့ကို ပိုပေးကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

မိမိ တို့နစ်နာမှု တွေ ကို အရင်က ထက် စာရင် ပွင့်ပွင့်လင်းလင်း ပိုမို ပြောဆိုလို့ ရလာတဲ့ အခုလို အချိန်မှာ တောင် အမျိုးသမီး အလုပ်သမားတွေက သူတို့ ခွဲခြား ဆက်ဆံ ခံနေရတာတွေကို ထုတ်ဖော် ပြောဆိုဖို့ အခက်အခဲတွေ ရှိနေပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက အလုပ်သမားရေးရာ တာဝန်ခံ က ရန်ကုန်တိုင်း အတွင်း စက်မှု ဇုံတွေက အထည်ချုပ် စက်ရုံ လုပ်သားတွေနဲ့ ပတ်သက်လို့ လေ့လာ စစ်တမ်း ကောက်ခံနေသူပါ။ သူ့တို့ လေ့လာ မှု အရ တွေ့ရတာ ကို ဥပမာ နဲ့ ပြောပြရာမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ အုတ်ခဲ အရေအတွက် အတူတူချင်း သယ်ရတဲ့ တိုင်အောင်၊ အမျိုးသား အလုပ်သမား က ပိုရပုံ ကို ဘီဘီစီ ကို ပြောပါတယ်။

ခြုံကြည့်မယ် ဆိုရင် ဖြစ်ရိုးဖြစ်စဉ် လို သဘောထား နေကြပြီး၊ အမျိုးသမီး တွေ ဟာ အလုပ်ပြုတ်မှာ စိုးတာရယ်၊ အကြောက်တရား အခံ ကြောင့်ရယ်၊ သူတို့ အခွင့်အရေး ကာကွယ်ပေးမဲ့ အလုပ်သမားသမဂ္ဂ ပင် မဝင်ရဲ ကြတာကို လည်း ရှင်းပြပါတယ်။

မြန်မာ နိုင်ငံ ကာယ လုပ်သားတွေ စက်ရုံ ဝန်ထမ်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ လခ တန်းတူ မရကြသလို တချို့ ဉာဏ လုပ်သား အမျိုးသမီးတွေဟာလည်း သွယ်ဝိုက်တဲ့ နည်းနဲ့ တန်းတူ အခွင့် အရေး ဆုံးရှုံးနေတယ်လို့ အမျိုးသမီး အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။