ဒေါ်စုနဲ့ ပါတီခေါင်းဆောင် တချို့ကို ဦးသိန်းစိန် ဖိတ်ခေါ်

  • 29 အောက်တိုဘာ 2014
Burmese President U Thein Sein ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်း စုကြည်က ဦးသိန်းစိန် အပါအဝင် လေးပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းဆိုထား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တခြား နိုင်ငံရေး ပါတီ တွေက ခေါင်းဆောင် တချို့ကို အောက်တိုဘာလ ၃၁ ရက်နေ့ မှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

အခုတစ်ကြိမ် တွေ့ဆုံရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်နဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တို့လည်း ပါဝင်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အပြောင်း အလဲတွေ ချောချောမွေ့မွေ့ ဖြစ်စေရေး တို့အတွက် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

တခြား ဖိတ်ကြားခံရသူတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဥက္ကဌ ဦးသန်းတင်တို့ ပါဝင်တယ်လို့ သိရကြောင်း SNLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဆွေးနွေးကြမယ့် အချိန်က လာမယ့်လ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ သမ္မတ အိုဘားမား အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်တွေ မြန်မာ နိုင်ငံကို ရောက်လာတော့မယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဆွေးနွေးပွဲကို အခု တစ်ကြိမ်ထဲနဲ့ ပြီး မသွားဘဲ ရှေ့ဆက် ဆွေးနွေးမှုတွေ ဆက်လုပ်သွားစေဖို့ မျှော်လင့်တယ်လို့လည်း ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ