ကုလ အစီရင်ခံစာမှာ မြန်မာ့လူ့အခွင့်အရေး နောက်ပြန်ဆွဲနေ

  • 29 အောက်တိုဘာ 2014
_yanghee_lee_304x171 ဓာတ်ပုံ မူပိုင် bbc
Image caption ပါမောက္ခ ယန်ဟီးလီး

မြန်မာ နိုင်ငံ လူ့အခွင့်အရေး တွေကို နောက်ပြန် ဆွဲ နေတဲ့ ကိစ္စတွေကို ပြုပြင် သွားဖို့ ပါမောက္ခ ယန်ဟီးလီးက ကုလ သမဂ္ဂကို တင်သွင်းတဲ့ အစီရင်ခံစာ မှာ ရေးသား ထား ပါတယ်။ မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေ ဘယ်အချက်မှာ ဆိုးရွား နေစေ တာလည်း ဆိုတာ ကို ပါမောက္ခ ယန်ဟီးလီး က ဘီဘီစီ ကို ရှင်းပြပါတယ်။

မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကိစ္စ လွတ်လပ်စွာ ပြောဆိုမှု၊ စာနယ်ဇင်း အခွင့်အရေး တွေ တိုးတက် လာတာ တွေ့ရ ပေမဲ့ ဥပဒေဟောင်းကြီး တွေ သုံးပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့ ကြိုးစား သူ တွေကို ဒီဥပဒေ တွေနဲ့ အရေးယူ နှိပ်ကွပ် နေတာက အဓိက စိုးရိမ်စရာ တွေ့ရတယ် လို့ ပြောပါတယ်။ နောက်ပြီး အစိုးရ အနေနဲ့ လူ့အခွင့် အရေး တိုးတက်မှု အတွက် ဖိဖိစီးစီး လုပ်ဆောင်မှု မရှိတာ တွေကို တွေ့ရတယ် လို့ ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ သူ့ရဲ့ တိုက်တွန်း အကြံပြု ချက် တွေကို အလေးအနက် ထား လိုက်နာမယ် လို့ မျှော်လင့်တဲ့ အကြောင်း၊ ဒီ အကြံပြုချက် တွေဟာ လိုက်နာ ဆောင်ရွက်ဖို့ ခဲယဉ်း လွန်းတဲ့ အချက် တွေ မဟုတ် သလို မြန်မာ ဥပဒေ ပြု ပြင် ပြောင်းလဲရေး တွေဟာ နိုင်ငံ တကာ စံချိန် စံနှုန်းတွေ မီအောင်လည်း ကုလ သမဂ္ဂက တိုက်တွန်း အားပေး နေတယ် လို့ ပြောပါတယ်။

မြန်မာ အစိုးရ နဲ့ ကုလ သမဂ္ဂ နိုင်ငံတကာ အသိုင်းအဝိုင်း ကြားမှာ ရိုဟင်ဂျာ ၊ ဘင်္ဂါလီ အသုံးအနှုန်း ကွဲပြားမှု ရှိနေ ရာမှာ ၁၉၈၂ နိုင်ငံသား ဥပဒေ နဲ့ အညီ အစိုးရက ဘင်္ဂါလီ တွေကို နိုင်ငံသား ပေးဖို့ စိစစ်မှု တွေ လုပ်နေ တာကို ကုလ သမဂ္ဂ က လက်ခံသလို ရိုဟင်ဂျာ တွေမှာ သူတို့ ဘာသာ နာမည် တပ် ခေါ်နိုင်တဲ့ အခွင့် အရေး ရှိတဲ့ အကြောင်း၊ ဒီအတွက် မြန်မာ အစိုးရ အနေနဲ့ ပြန်ပြီး စဉ်းစား သုံးသပ်ဖို့ တောင်းဆို ထားပါတယ်။

ရိုဟင်ဂျာ တွေ မြန်မာ နိုင်ငံက ထောင်နဲ့ချီ ထွက်ပြေး နေရတယ် ဆိုတဲ့ လူ့အခွင့် အရေး အဖွဲ့ တချို့ ပြောဆို နေမှု တွေကို လည်း ပြန်ပြီး စုံစမ်း အတည်ပြု ဖို့ လိုနေပါတယ်။ ဒီကိစ္စကို မြန်မာ ပြည်က လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေး စုံစမ်းဖို့ လိုသလို မြန်မာ ပြည် အခြေစိုက် ကုလ သမဂ္ဂ အဖွဲ့ အစည်း တွေကလည်း စုံစမ်း စစ်ဆေး နိုင်ပါ လိမ့်မယ်။

လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အနေနဲ့ ဒီ ဆယ်ရက် ခရီး အတွင်း မြန်မာ ပြည်က အခြေအနေ တွေကို စုံလင်အောင် ရယူ လေ့လာ နိုင်ပါသလား ဆိုတဲ့ မေးခွန်း ကိုတော့ သူတို့မှာ အချိန် ကန့်သတ်ချက် ကြောင့် ကုန်စင်အောင် မ ဆန်းစစ် နိုင်ပေမယ့် အထောက် အထား ရင်းမြစ်တွေ စုံလင်အောင် ရှိပါတယ် လို့ ပါမောက္ခ ယန်ဟီးလီးက ဘီဘီစီ ကို ဖြေကြား သွားပါတယ်။