လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်

  • 30 အောက်တိုဘာ 2014
Two Burmese Workers are suspected of murdering two British ဓာတ်ပုံ မူပိုင် AP
Image caption သူတို့ကို ရိုက်နှက် ဝန်ခံခိုင်းတယ်လို့ မြန်မာ အလုပ်သမားတွေကပြော

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဒီအမှုကို လိုက်ပေးဖို့ ထိုင်းရှေ့နေများ ကောင်စီက အယောက် ၂၀ ပါတဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်း ထားပြီး အဲဒီ ကော်မတီမှာ ဥက္ကဌနဲ့ အကြံပေး ပုဂ္ဂိုလ်က ၈ ယောက်၊ ရှေ့နေ ၁၂ ယောက် ပါဝင်ပြီး ခရီးစရိတ်ကအစ ရှေ့နေများ ကောင်စီကပဲ အကုန်အကျခံမယ်လို့ အဲဒီ ကော်မတီမှာပါတဲ့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။

မြန်မာ အလုပ်သမား နှစ်ယောက် အတွက် အကျိုးဆောင်ပေးဖို့ မြန်မာ သံအမတ်က အပ်နှံတယ်လို့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာ စွပ်စွဲခံ ထားရတဲ့ မြန်မာ နှစ်ယောက်က သူတို့ သတ်တာ မဟုတ်ဘူးလို့ ပြောတာကို အစိုးရ ရှေ့နေချုပ်ရုံးဆီ ကို စာပေးပို့ထားပြီး ရှေ့နေချုပ်ရုံးက တရားရုံးကို ဆက်တင်မတင် စောင့်ကြည့်နေတယ်လို့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။

ဒီအမှုဟာ ထိုင်းနဲ့ မြန်မာ နိုင်ငံရဲ့ ဆက်ဆံရေး အဆင့်အထိ အရေးကြီးပြီး တရားမျှတ မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

နောက်ဆုံး အဖြေ ဘယ်လိုပဲထွက်လာ ထွက်လာ သင်းခန်းစာ ယူရမယ့် အမှု တစ်ခုအဖြစ် လူတွေကြားမှာ မှတ်တမ်းတင် ကျန်ရစ်လိမ့်မယ်လို့ ရှေ့နေ့စူရာ့ဖုန်းက ပြောပါတယ်။

အဲ့ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကော်တောင်ကျွန်းက ရွာလူကြီးသားကို အွန်လိုင်း လူမှု ကွန်ရက်မှာ စွပ်စွဲ ဝေဖန် ပြောဆိုနေတာ တွေကြောင့် ရွာလူကြီးသားက ဒီကနေ့ပဲ ဒီအန်အေ အစစ် ခံခဲ့ပါတယ်။

ဆေးရုံ ၃ ရုံက သီးခြားစီ စစ်ဆေးမှာဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ဆိုရှယ် မီဒီယာ လူမှုကွန်ရက်မှာ ထင်ကြေးပေး ပြောဆိုသူ ဘယ်သူမဆို အရေးယူခံရနိုင်ပြီး ထောင်ဒဏ် ၅ နှစ် အထိပြစ်ဒဏ် ချခံရနိုင်တယ်လို့ ထိုင်း ရဲချုပ်က သတိပေးထား ပါတယ်။