မြန်မာ လေဆာ သွားတိုက်ဆေးကို Colgate က ၀ယ်ယူ

  • 30 အောက်တိုဘာ 2014
Image caption Colgate ကုမ္ပဏီက လေဆာနဲ့ပေါင်းပြီး မြန်မာနိုင်ငံတွင်းမှာ သွားတိုက်ဆေးတွေ ထုတ်ဖို့ ရှိ

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ကုမ္ပဏီ တခု ဖြစ်တဲ့ ရွှေဧရာနဒီ ကုမ္ပဏီရဲ့ လေဆာ သွားတိုက်ဆေးနဲ့ တခြား လူသုံးကုန် ထုတ်လုပ်မှုတွေကို ဝယ်ယူ လိုက်ကြောင်း Colgate ကုမ္ပဏီရဲ့ ထုတ်ဖော် ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

လေဆာ သွားတိုက်ဆေး လုပ်ငန်းရဲ့ လုပ်ပိုင်ခွင့်တွေကို Colgate Palmolive အမေရိကန် ကုမ္ပဏီကြီးက ဒေါ်လာ သန်း ၉၀နီးပါးနဲ့ လွှဲပြောင်း ဝယ်ယူလိုက်တယ် ဆိုတာကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကလည်း ဘီဘီစီကို အတည်ပြု ပြောပါတယ်။

Colgate ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ ထုတ်လုပ်မှု လုပ်ငန်းတွေ မကြာခင် လုပ်ကိုင်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Colgate ကုမ္ပဏီဟာ ထိုင်းနိုင်ငံ စက်ရုံကနေ ထုတ်လုပ်တဲ့ သွားတိုက်ဆေးတွေကို မြန်မာနိုင်ငံကို တင်သွင်းပြီး ပြည်တွင်းမှာ ဖြန့်ချီနေတာ လည်းရှိပါတယ်။

ဒါပေမယ့် ပြည်တွင်း ဈေးကွက်မှာ Colgate သွားတိုက်ဆေး ဗူးကြီးတစ်ဗူး ကို ၂၀ဝ၀ ကျပ်နီးပါး ရှိတာကြောင့် လူတန်းစား အများစုနဲ့ လက်လှမ်းမှီတဲ့ အခြေအနေမှာ မရှိသေးပါဘူး။

အခုတော့ ပြည်တွင်းက ဈေးနှုန်း သက်သာစွာ ထုတ်လုပ်တဲ့ လေဆာနဲ့ ပေါင်းပြီး မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက် အတွက် သီးခြား ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

ထုတ်လုပ်ရေး လုပ်ငန်းတွေ မြန်မာနိုင်ငံ အတွင်းမှာ ဘယ်တော့လောက် စတင်မယ် ဆိုတာနဲ့ ပတ်သက်လို့တော့ Colgate ကုမ္ပဏီဘက်က တိတိကျကျ ထုတ်ပြော တာမျိုး မရှိသေးပါဘူး။