ကိုထင်ကျော်ကို ထောင်ဒဏ်တွေ ထပ်ချ

  • 30 အောက်တိုဘာ 2014
Image caption သူဟာ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ကျော် ချမှတ် ခံရပြီး။ နောက်ထပ် ကျခံ ရဖို့ရှိ

ဒီမိုကရေစီရေး စဉ်ဆက် မပျက် လှုပ်ရှား သူများ အဖွဲ့ (MDCF) ရဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ နဲ့ ကျောက်တံတား တရားရုံး က ကြာသပတေး နေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက် ပါတယ်။

ကို ထင်ကျော်ကို ဆန္ဒပြမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု တွေနဲ့ ရန်ကုန်တိုင်း မြို့နယ် ၁၁ မြို့နယ်မှာ တရားစွဲ ထားတာ ဖြစ်ပြီး၊ အခုဆိုရင် သူဟာ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ကျော် ချမှတ် ခံရပြီး နောက်ထပ် လည်း ပြစ်ဒဏ် ချခံ ရမယ့် အမှုတွေ ရှိနေ ပါတယ်။

ကိုထင်ကျော်ဟာ ဦးသိန်းစိန် အစိုးရ အလို မရှိ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု တွေကို ကြားဖြတ် အစိုးရ အဖြစ် တင်မြောက် ပေးဖို့ တောင်းဆို တာတွေ အပါ အဝင် မတရား မှုတွေ ဖေါ်ထုတ် ပေးဖို့ တောင်းဆို ခဲ့လို့ တရားစွဲ ထောင်ချ ခံရ တာပါ။

ကိုထင်ကျော်နဲ့ အတူ (MDCF) အဖွဲ့က ကိုနောင်နောင် ကိုလည်း ထောင်ဒဏ် ၂ နှစ် ၄ လ ချမှတ် လိုက်ပါတယ်။

ဒီ အမှုကို ရှေ့နေ လိုက်ပေးတဲ့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ် ဆန်းအောင် ကတော့ မြို့နယ် အတော် များများက စီရင်ချက် ချပြီးသား ပုဒ်မ တွေနဲ့ ထပ်ထပ် ပြီး ကိုထင်ကျော်ကို အပြစ်ပေး နေတာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ပြောပါတယ်။ ကိုထင်ကျော်တို့ အဖွဲ့က ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု တွေကို ကြားဖြတ် အစိုးရ အဖြစ် တင်မြောက် ပေးရေး ဆိုတဲ့ ကြေညာ ချက်ကို၊ ရေးသား ဖေါ်ပြတဲ့ ဘိုင်မွန်းတည့် နေဂျာနယ်က သတင်း သမား ၅ ယောက်ကိုလည်း အောက်တိုဘာ ၁၆ ရက် နေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ် လိုက်ပါတယ်။