ရှမ်းပြည်နယ် တည်ငြိမ်ရေး ၃ ပွင့်ဆိုင် ပူးတွဲ ကော်မတီ ဖွဲ့ဖို့ ရှမ်းပြည် တိုးတက်ရေးပါတီက တောင်းဆို

  • 31 အောက်တိုဘာ 2014
ssa_sspp_soldiers ဓာတ်ပုံ မူပိုင် no credits
Image caption နေပြည်တော် အစည်းအဝေးမှာ နှစ်ဘက်တပ် နေရာချထားရေး ကိစ္စ မဆွေးနွေး ရသေးဘူးလို့ SSPP/SSA က ပြော။

ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ၃ ပွင့်ဆိုင် ပူးတွဲ ကော်မတီ တစ်ခု ထားရှိကြဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA က တောင်းဆို ခဲ့ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနဲ့ အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် SSPP/ SSA ဘက်က အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နှစ်ဘက် ကိုယ်စားလှယ်တွေ အပြင် တတိယ အဖွဲ့ အနေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း NGO တွေ၊ နိုင်ငံရေးပါတီတွေ ဒါမှမဟုတ် ရှမ်းပြည်နယ်တွင်း ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တွေကိုပါ ပူးတွဲ ကော်မတီထဲ ထည့်သွင်းဖို့ SSPP/ SSA အဖွဲ့ ကနေ အကြံ ပေးထား တယ် ဆိုပြီး SSPP/SSA ရဲ့ အထွေထွေ အတွင်းရေးမှူး စပ်ခွန်ဆိုင်း က ပြောပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA နဲ့ အစိုးရ တပ်တွေအကြား ရှမ်းပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်လာ ခဲ့ကြပြီးတဲ့ နောက် ဒေသတွင်း အခြေအနေ တည်ငြိမ်မှု ရှိလာအောင် ၂ ဘက် တွေ့ဆုံပွဲတွေ လုပ်ပြီး ဆွေးနွေး လာကြတာမှာ အခုလို ပူးတွဲ ကော်မတီ တစ်ရပ် ပေါ်ပေါက်လာအောင် ကြိုးစား နေကြတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ကလည်း ၂ ဘက် ကိုယ်စားလှယ်တွေ လားရှိုးမှာ တွေ့ဆုံ ခဲ့ကြ ပါသေးတယ်။ ဒီတစ်ခေါက် နေပြည်တော် တွေ့ဆုံပွဲမှာ ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ မဖြစ်ပေါ် ရအောင် ၂ ဘက်တပ်တွေ နေရာ ချထားရေး ဆွေးနွေးကြဖို့ ရည်မှန်း ထားပေမယ့် မဆွေးနွေး ဖြစ်ကြ သေးဘူးလို့ စပ်ခွန်ဆိုင်း က ဆိုပါတယ်။

SSPP/SSA နဲ့ အစိုးရ ကြား ၂၀၁၂ ခုနှစ်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးထား ခဲ့ပေမယ့် အောက်တိုဘာ လဆန်းပိုင်း မှာ ရှမ်းပြည်တောင်ပိုင်း SSA ဌာနချုပ် ဝမ်ဟိုင်း အနီး တာဖာဆောင် တပ်စခန်း အပါအဝင် နေရာ ၅ နေရာမှာ နှစ်ဘက်အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ