သမ္မတ၊ လွှတ်တော်၊ ကာချုပ်၊ ဒေါ်စုနဲ့ ပါတီ ခေါင်းဆောင် တချို့ ဆွေးနွေး

  • 31 အောက်တိုဘာ 2014
Image caption ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကဏ္ဍ သုံးခုကို အဓိက ထား ဆွေးနွေး ခဲ့

မြန်မာ သမ္မတ ဦးသိန်းစိန်က ဒုတိယသမ္မတ နှစ်ဦးနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပြည်ထောင်စု လွှတ်တော် နာယက အပါ အဝင် တခြား နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ နေပြည်တော် သမ္မတ အိမ်တော်မှာ သောကြာနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကဏ္ဍ သုံးခုကို အဓိက ထား ဆွေးနွေး ခဲ့တယ်လို့ သမ္မတ ပြောခွင့် ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခဲ့ ပါတယ်။

အခြေခံ ဥပဒေ မှာ လိုအပ်တာတွေကို ပြင်ဆင်ဖို့ အားလုံးက သဘောတူခဲ့ပြီး လမ်းမတွေပေါ်ထွက် လုပ်ဆောင်တာကို လက်မခံဘဲ လွှတ်တော် အတွင်းမှာပဲ ပြုပြင်နိုင်ရေး အတွက် သဘောတူ ခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

ဒါအပြင် တစ်နိုင်ငံ လုံး အပစ် အခတ်ရပ်စဲ ရေးကိုလည်း ၂၀၁၅ နှစ်ဆန်း ပိုင်းမှာ လက်မှတ်ထိုး နိုင်ရေး၊ နိုင်ငံရေး ကိစ္စတွေကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာ ရေးတို့ကိုလည်း သဘောတူ ခဲ့ ကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတ၊ လွှတ်တော်နဲ့ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ အခုလို တွေ့ဆုံ တာဟာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆို နေချိန်မှာ အစိုးရ ဘက်က လေးပွင့်ဆိုင်ထက်ပိုပြီး တခြားသူတွေကိုပါ ဖိတ်ခေါ် ဆွေးနွေးလိုက်တာဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မှေးမှိန်သွားအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဧရာဝတီ သတင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် ကတော့ သောကြာနေ့ ဆွေးနွေးပွဲဟာ အောင်မြင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အန်အယ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကတော့ အခု ဆွေးနွေးပွဲကို သူတို့ မျှော်လင့်ထားတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ အနေအထားမျိုး မဟုတ်ဘူးလို့ ပြောဆိုပြီး လေးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ဖို့ လိုကို လိုအပ်တယ်လို့ အခိုင်အမာ ထပ်ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ