နိုင်ငံရေး အကျဉ်းသား ကိစ္စ အငြင်းပွားစရာ ဖြစ်နေဆဲ

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသားတွေ အသုတ်လိုက် လွှတ်ပေးခဲ့

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းတို့ တင်ပြထားတဲ့ ၂၀၁၃ခုနှစ်အတွင်း နောက်ဆုံး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၃၀ စာရင်းထဲက ၃ဦး ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ ၂၇ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ပဲ တခြားပြစ်မှု ကျူးလွန်သူတွေ ဖြစ်ကြောင်း ဒီကနေ့ စနေနေ့ထုတ် သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ လုပ်ငန်း ကော်မီတီဝင် ကိုတိုးကျော်လှိုင်ကတော့ အဲဒီ အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထိန်းသိမ်းခံထားရဆဲ အကျဉ်းသား ၂၇ဦးထဲမှာ အများစုဟာ တိုင်းရင်းသားတွေ ဖြစ်ပြီး သံသယတွေနဲ့ ဆက်ထိန်းသိမ်းထားတယ် ဆိုတာကို ဖြစ်စဉ်တွေ အရ ပြောနိုင်တယ်လို့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

အခုလို သတင်း ထုတ်ပြန်တာဟာ အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ်မှာ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူး ဆိုတာကို ပြချင်တဲ့ သဘောလို့ ယူဆရကြောင်းလည်း သူက ပြောပါတယ်။

၂၀၁၄ခုနှစ် အတွင်းမှာလည်း ပုဒ်မ ၁၈နဲ့ ဖြစ်ဖြစ်၊ ၅၀၅( ခ ) နဲ့ ဖြစ်ဖြစ်၊ လယ်သိမ်း မြေသိမ်းခံရလို့ ဆန္ဒ ထုတ်ဖော်တာပဲ ဖြစ်ဖြစ်၊ လယ်သမား အလုပ်သမား အရေး လှုပ်ရှားလို့ ဖြစ်ဖြစ် ဖမ်းဆီး ထိန်းသိမ်းခံရမှုတွေ ဆက်ရှိနေရာမှာ လောလောဆယ် ၁၀၀ ဝန်းကျင်လောက် ရှိနေပြီး အဲဒီလူတွေ အားလုံးဟာ နိုင်ငံရေး အကျဉ်းသား တွေ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ လုပ်ငန်း ကော်မီတီဝင် ကိုတိုးကျော်လှိုင် က ပြောပါတယ်။