ကမ္ဘာ့​ဘဏ်​ရဲ့ စီးပွား​ရေး အစီရင်ခံ​စာ​ထဲ မြန်မာ​ကို အောက်​ဆုံး ၁​၂ နိုင်ငံ အဖြစ် သ​တ်မှတ်

  • 1 နိုဝင်ဘာ 2014
world_bank_new_report_doing_business
Image caption မြန်မာနိုင်ငံမှာ ကုန်သွယ်ရေး ကဏ္ဍ မြင့်တက် ခဲ့ပေမယ့် ဖြေရှင်းစရာ ပြဿနာတွေ ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ သင့်တော်မှု ရှိ မရှိ စစ်တမ်း ကောက်ယူပြီး ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ရာ မှာ မြန်မာ နိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ အဆင့် မှာသာ ရှိနေ ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် အစီရင် ခံစာထဲက အဆင့် သတ်မှတ်ချက် ထက် တဆင့် တက်လာတာ ဖြစ်ပြီး၊ သွင်းကုန် ထုတ်ကုန် ကုန်သွယ်ရေး ကဏ္ဍတွေမှာ တိုးတက်မှု တွေ ရှိခဲ့တယ် လို့ ဖော်ပြ ထားပါတယ်။

မြန်မာ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ အတွက် ဘဏ်ချေးငွေ လွယ်လွယ်ကူကူ ရရှိရေး၊ မြေယာနဲ့ လျှပ်စစ် ဓာတ်အား ပြသနာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာ စတဲ့ အခက် အခဲတွေ ကို ဖြေရှင်းဖို့ လိုနေသေး တယ် လို့လည်း အစီရင် ခံစာထဲ မှာ ဖော်ပြ ထားပါသေး တယ်။

ကမ္ဘာ့ဘဏ် စစ်တမ်းထဲ မှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ရဲ့ သုံးဆယ် ရာခိုင်နှုန်းပဲ ဘဏ်စာရင်း ဖွင့်လှစ် ထားတာကို တွေ့ရပြီး၊ ဒါဟာ ဒေသတွင်း မှာ အနည်းဆုံး ဖြစ်တယ် လို့ အစီရင်ခံစာ မှာ နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံရဲ့ ကုန်သွယ်ရေး ကဏ္ဍ မြှင့်တင်ဖို့ အတွက် ကုန်သွယ်ခွန် တွေ လျှော့ပေါ့ ပေးတာမျိုး၊ လိုင်စင် လျှောက်ထား စရာ မလိုတဲ့ ကုန် ပစ္စည်း အမျိုး အစားတွေ သတ်မှတ် ပေးတာမျိုး တွေ လုပ်ပေး ခဲ့တယ် ဆိုပြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန က ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြင့် က ဘီဘီစီကို ပြောပါတယ်။

ဥပဒေပိုင်း ဆိုင်ရာ ပြောင်းလဲဖို့ လိုအပ်တဲ့ နေရာတွေမှာ အဆင့်ဆင့် လုပ်ဆောင်ရတဲ့ အတွက် ကြန့်ကြာ တတ်တာမျိုး တော့ ရှိကြောင်း လည်း ဦးဝင်းမြင့် က ဆိုပါတယ်။

အခု‘စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ခြင်း ၂၀၁၅’ ကမ္ဘာ့ဘဏ် အစီရင် ခံစာမှာ စင်္ကာပူ နိုင်ငံ က အဆင့် ၁ ချိတ်ပြီး၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က အဆင့် ၁၇၃ နဲ့ မြန်မာနိုင်ငံ ရဲ့ အပေါ်မှာ ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်အုပ်စု အနေနဲ့ မြန်မာနိုင်ငံ မှာ ရင်းနှီး မြှပ်နှံမှုနဲ့ သက်ဆိုင်တဲ့ လေ့လာ ဆန်းစစ်မှုတွေ ကိုလည်း ပြုလုပ်နေပြီး အဲဒါနဲ့ ပက်သက်တဲ့ အစီရင်ခံစာ ကို နောက်နှစ်ဆန်း မှာ ထုတ်ပြန် သွားဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ