မသန်စွမ်းသူတို့ ခရီးရှည်ထွက်ဖို့ပြင်

  • 2 နိုဝင်ဘာ 2014
Image caption ခရီးရှည်အစီအစဉ်ကို ဦးဆောင်သူရွှေမင်းသား ဖေါင်ဒေးရှင်းဥက္ကဌ ဦးမြတ်သူဝင်း

ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှုတွေအနေနဲ့ ရန်ကုန်ုကနေ မန္တလေးထိ မိုင် ၄၀ဝ ကျော်ကို ဘီးတပ်ကုလားထိုင်တွေနဲ့ သွားကြမှာ ဖြစ်သလို မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ အာဆီယံဒေသအဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

မြန်မာ့ လူမှုအသိုင်းအဝိုင်းထဲမှာ မသန်စွမ်းသူတွေအပေါ်ထားတဲ့ ကွဲပြားနေတဲ့အမြင်တွေကို ပြောင်းလဲပစ်ဖို့ မသန်ပေမယ့် စွမ်းသေးတယ်ဆိုတာကိုသက်သေပြဖို့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နဲ့ ရွှေမင်းသား ဖေါင်ဒေးရှင်းတို့က ကဏ္ဍ၂ခုခွဲပြီး လှုပ်ရှားမှုတွေလုပ်ကြမှာ ဖြစ်ပါတယ်။

ရွှေမင်းသား ဖေါင်ဒေးရှင်းနဲ့ ခဝဲခြံမျက်မမြင်ကျောင်းတို့ ပူးပေါင်းထားတဲ့အဖွဲ့က ဘီးတပ်ကုလားထိုင် ၁၀စီး စက်ဘီး ၁စီးနဲ့ မန္တလေးကို ဒီဇင်ဘာ ၃ရက်နေ့ အရောက် ခရီးထွက်ကြမှာပါ။

တပတ်အကြာ လယ်ဝေးအရောက်မှာ အထက်မြန်မာပြည် ကိုယ်စားပြုတဲ့ မသန်စွမ်းသူများအဖွဲ့က ဘီးတပ် ကုလားထိုင် ၁၂စီး စက်ဘီး ၁စီးနဲ့ ပေါင်းပြီး မန္တလေးကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ မသန်စွမ်းသူများနေ့ အခမ်းအနား အမှီ အရောက်သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မသန်စွမ်းသူတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ကိုယ်ကိုကိုယ်ယုံကြည်မှုတွေကို အများပြည်သူတွေ သိရှိအောင် ပြသလိုတဲ့ သဘောနဲ့ အခုလို ဘီးတပ်ကုလားထိုင်တွေနဲ့ ခရီးရှည်သွားဖို့ စီစဉ်တာလို့ ဒီအစီအစဉ်ကို ဦးဆောင်တဲ့ ရွှေမင်းသား ဖေါင်ဒေးရှင်းဥက္ကဌ ဦးမြတ်သူဝင်းပြောပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ်လုပ်တဲ့အချိန်မှာ ပထမဆုံးအနေနဲ့ အာဆီယံဒေသအဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်ကို ဒီဇင်ဘာ ၃ ရက်မှာ နေပြည်တော်မှာဖွင့်ပွဲလုပ်ပြီး ဒီဇင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ ရန်ကုန်မြို့က အမျိုးသားကဇတ်ရုံမှာ ဖျော်ဖြေပြသသွားမယ်လို့ သိရပါတယ်။