ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်

  • 3 နိုဝင်ဘာ 2014
bbc_304x171_bbc_
Image caption ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဘေလာရုစ်ခရီး

ကာကွယ်ရေး ဦးစီးချူပ် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး အဖွဲ့ ဟာ အရှေ့ဥရောပ နိုင်ငံ ဖြစ်တဲ့ ဘေလာရုစ် ကို ရောက်နေပါတယ်။ ဘေလာရုစ် စစ်တပ် အကြီးအကဲ ရဲ့ ဖိတ်ခေါ်မှု မဟုတ်ပဲ၊ ဘေလာရုစ် ဝန်ကြီးချူပ် မီခေးလ် မစ်နင်ကော့ဗစ်ချ် ရဲ့ ဖိတ်ခေါ်ချက် နဲ့ သွားတာပါ။

ဘေလာရုစ် မြို့တော် မင့်စ်ခ် မှာ၊ ကာချူပ် ဦးဆောင်လာတဲ့ မြန်မာ စစ်တပ်ရဲ့ ချစ်ကြည်ရေး အဖွဲ့ဟာ၊ Stalin Line လို့ ခေါ်တဲ့ သမိုင်းဝင် နေရာ အပါအဝင်၊ စစ်သမိုင်းပြတိုက် အစရှိတဲ့ နေရာတွေကို ခရီးစဉ် အစဦး မှာ သွားခဲ့ ပါတယ်။

Stalin Line ဆိုတာကတော့ ဆိုဗီယက်ခေတ်က၊ အနောက် အုပ်စု ကျူးကျော်မှု တွေကို ကာကွယ်နိုင်ဖို့ ဆိုပြီး၊ ဆိုဗီယက်ပြည်ထောက်စု အနောက်ဘက်တလျှောက် တည်ဆောက် ထားခဲ့တဲ့၊ ခံစစ်ကြောင်း အရှည်ကြီး ဖြစ်ပါတယ်။

ဒီခရီးစဉ် မစခင် မြန်မာ စစ်ဘက် မီဒီယာတွေရဲ့ အဆိုအရ၊ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ အခု ခရီးစဉ်ကနေ၊ နှစ် နိုင်ငံကြား စစ်တပ်တွေရဲ့ ဆက်ဆံရေး တွေ တိုးမြှင့်ဖို့၊ ယဉ်ကျေးမှုတွေ ဖလှယ်ဖို့ ဆိုပြီး၊ ဖော်ပြ ခဲ့ ပါတယ်။

ဒီခရီးစဉ်ရဲ့ ထူးခြားချက် တစ်ခုက၊ ကာကွယ်ရေး ဦးစီးချူပ် တစ်ယောက်ကို၊ စစ်တပ် အကြီးအကဲခြင်း က မဟုတ်ပဲ၊ အစိုးရ ဝန်ကြီးချူပ် တစ်ယောက်က ဖိတ်ခေါ်ခဲ့တာ ဆိုတဲ့ အချက် နဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် အကြီးအကဲဟာ နိုင်ငံရေး သံတမန်ရေး တာဝန်တွေများ ပူးတွဲ ထမ်းဆောင် နေခြင်း နဲ့ ပတ်သက်နေပြီ လားလို့ သုံးသပ် လို့ ရအောင် စစ်သံမှုးဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်မှုး အောင်လင်းထွဋ် ကို မေးကြည့်ရာ မှာတော့ အကယ်၍သာ ကာကွယ်ရေး ဦးစီးချူပ် ကို သမ္မတ ရာထူးပေးဖို့ ရည်ရွယ်ချက် ရှိခဲ့ရင် နိုင်ငံတကာ ဆက်ဆံရေး၊ ဆက်သွယ်ရေး တွေ ကျင့်သားရအောင် ပြည်ပစေလွှတ်တဲ့ သဘော ရှိပုံ ပြောပါတယ်။

မြန်မာ စစ်တပ်ရဲ့ သမိုင်းမှာ ကာကွယ်ရေး ဦးစီးချူပ် တွေဟာ၊ စစ် ရာထူးကနေ အနားယူရင် နိုင်ငံရေးထဲ ပါလာကြတဲ့ သာဓက တွေ ရှိတယ်လို့လည်း ဗိုလ်မှုး အောင်လင်းထွဋ် က ဆိုပါတယ်။ ဒါ့အပြင် မြန်မာ စစ်တပ် အနေနဲ့၊ အမေရိကန်နဲ့ရော တရုတ်ရော တို့နဲ့ သာမက၊ နိုင်ငံရေး စစ်ရေး မဟာမိတ်တွေ၊ ထားရှိဖို့ လိုတယ်လို့ ယူဆနေပုံ ရတဲ့ အကြောင်း၊ ဗိုလ်မှုး အောင်လင်းထွဋ် က သုံးသပ် သွားတာပါ။

မနေ့က ဘေလာရုစ် ဝန်ကြီးချူပ် မစ်နင်ကော့ဗစ်ချ် နဲ့ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံမှု အကြို၊ ဘေလာရုစ်ဘက်က ဝန်ကြီးချူပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ၊ အခုလို နှစ်ဘက် တွေ့ဆုံတဲ့အခါ၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မြှင့်တင်ဖို့၊ သူတို့ နိုင်ငံလုပ် အရပ်သုံး စက်ပစ္စည်းတွေကို မြန်မာကို အငှားချဖို့၊ ဒါမှ မဟုတ် လက်ငင်းပေးစရာ မလိုပဲ ရောင်းချဖို့ တွေ ကို ဆွေးနွေး သွားမယ်လို့ ဆိုထား ပါတယ်။ လာမယ့် လတွေထဲမှာလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ တွေ့ဆုံမှု တွေ နှစ် နိုင်ငံကြား မှန်မှန် ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ် လို့ လည်း ဆိုထားပါတယ်။