ကော်တောင်ကျွန်း လူသတ်မှု DSI ကိုယ်တွယ်ဖို့ စာတင်

  • 3 နိုဝင်ဘာ 2014

ထိုင်း တောင်ပိုင်း ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး စက်တင်ဘာ လလယ်က သတ်ဖြတ် ခံရမှုနဲ့ စွပ်စွဲ ခံထား ရသူ မြန်မာ နိုင်ငံသား ၂ ဦး အမှုကို ထိုင်း အထူး မှုခင်း ဌာန DSI က ကိုယ်တွယ်ဖို့ စာတင် လိုက်ပါတယ်။

ကော်တောင် ကျွန်း လူသတ် မှုဟာ နိုင်ငံ တကာ အဆင့် ဖြစ်နေ တာကြောင့် ထိုင်း တရား ရေး ဝန်ကြီး ဌာန အောက်မှာ ရှိတဲ့ အထူး မှုခင်း ဌာန DSI က ကိုယ်တွယ် ဖို့ အတွက် ထိုင်း ရှေ့နေများ ကောင်စီက ဒီအမှုကို အကျိုး ဆောင်တဲ့ ရှေ့နေ တွေက သွားရောက် စာတင်ခဲ့ တာ ဖြစ်ပါတယ်။

စွပ်စွဲ ခံရသူ မြန်မာ ပြည်သား ၂ ဦးရဲ့ မိဘ တွေရဲ့ ဆန္ဒ အရ DSI ကို အခုလို စာတင် ခဲ့တာ ဖြစ်တယ် လို့လည်း ရှေ့နေ အဖွဲ့က ပြောပါ တယ်။

စာကို DSI က လက်ခံထား လိုက်တဲ့ အတွက် သူတို့ အနေနဲ့ ဘာဆက် လုပ်မလဲဆို တာ စောင့်ကြည့် ရဦး မယ်လို့ အကျိုးဆောင် ရှေ့နေ အဖွဲ့က ပြောပါ တယ်။

တရားခံ အဖြစ် စွပ်စွဲ ခံရသူ ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ကို ရဲနဲ့ စကား ပြန်က ရိုက်နှက်ပြီး ဝန်ခံ ခိုင်း တယ်လို့ ထွက်ဆို ထားတာနဲ့ ပတ်သက်ပြီး စစ်ဆေး ရာမှာ ပါဝင်တဲ့ ရဲတွေ အားလုံးက ထိုင်း လူ့ အခွင့် အရေး ကော်မရှင်မှာ လာရောက် ရှင်းလင်းဖို့ ဆင့်ခေါ် ထားတာကို ရဲက လာမရှင်းတာ ၂ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

အခုလိုရဲက မလာတာနဲ့ ပတ်သက်ပြီး ထိုင်း လူ့အခွင့် အရေး ကော်မရှင် ဒေါက်တာနိရန်း ဖိထတ်ဝပ်ချရာ့က လူ့ အခွင့် အရေး ကော်မရှင် အတွင်းမှာ တာဝန် ရှိသူတွေ အစည်း အဝေး ထိုင်ပြီး လုပ်နိုင် တာကို ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။

ရဲနဲ့ စကားပြန်က ရိုက်နှက် တာကို ထိုင်း ရှေ့နေများ ကောင်စီက လည်း တရား စွဲဆို သွားမယ်လို့ ထုတ်ဖေါ် ပြောကြားသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ