MPC နဲ့ NCCT အကြို တွေ့ဆုံ ဆွေးနွေး

  • 4 နိုဝင်ဘာ 2014
Image caption အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား ဆွေးနွေးမှုတွေ ကြန့်ကြာနေဆဲ

MPC ပြည်ထောင်စု အဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ချင်းမိုင်မြို့ကို တနင်္ဂနွေနေ့က ရောက်ရှိလာပြီး တိုင်းရင်းသား အင်အားစုတွေနဲ့ အကြို ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

NCCT တိုင်းရင်းသား ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့၊ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို KNU ကရင်အမျိုးသား အစည်းအရုံးနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်နေ့က သမ္မတ ဦးသိန်းစိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား အင်အားစု၊ နိုင်ငံရေး အင်အားစုက ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ MPC အဖွဲ့က လာရောက် ရှင်းလင်းပြောပြခဲ့တာလို့ NCCTက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ၁၃ရက်နေ့ ကျော်ရင် မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဌ ရာထူးတာဝန်ကို ပြန်လွှဲပြောင်းပေးတော့မှာ ဖြစ်တာမို့ စစ်တပ်က ဘယ်လို အနေအထားနဲ့ ဆက်သွားမလဲ ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ MPC နဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား ဆွေးနွေး ပြောဆိုမှုတွေက ရှေ့မဆက်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

ခုနောက်ပိုင်းမှာ တပ်မတော်ဘက်က အရင် သဘောတူထားချက်တွေကို ပြင်ပြီး တင်းမာတဲ့ သဘော ဆောင်လာနေတယ်လို့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။