မြန်မာ သံတော်ဆင့်ကို အစိုးရ တရားစွဲမယ်

  • 4 နိုဝင်ဘာ 2014
Myanmar Herald ဓာတ်ပုံ မူပိုင် myanmar Herald
Image caption မြန်မာ သံတော်ဆင့် ဂျာနယ်

မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ မေးမြန်းခန်း တစ်ခုမှာ နိုင်ငံတော် သမ္မတကို အကြည်ညို ပျက်အောင်၊ ဂုဏ်သိက္ခာ ထိခိုက်အောင် ထည့်သွင်း ရေးသား ထားတာတွေကို ဖော်ပြခဲ့တဲ့ အတွက် တရားစွဲ မယ်လို့ အစိုးရက ထုတ်ဖော်ပြောလိုက်ပါတယ်။

ဩဂုတ်လ ၉ ရက်ထုတ် မြန်မာ သံတော်ဆင့် ဂျာနယ်မှာ ပါတဲ့ ဗေဒါ နိုင်ငံရေးသင်တန်းကျောင်း တည်ထောင်သူ ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းတဲ့ ကဏ္ဍမှာ ရေးသား ဖော်ပြခဲ့မှုကို ကျေနပ်အောင် မတောင်းပန်တဲ့ အတွက် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီ တွေ့ဆုံမေးမြန်းချက်ကို ရေးသားသူ သံတော်ဆင့်ဂျာနယ်ရဲ့ ဒုတိယ အယ်ဒီတာချုပ် ကိုအံ့ခေါင်မင်းကတော့ သူတို့ အနေနဲ့ အများပြည်သူ အကျိုးစီးပွား အတွက် တာဝန် ဝတ္တရား တစ်ခုကို ဆောင်ရွက်တာသာ ဖြစ်တဲ့ အတွက် သူတို့ မမှားဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အုပ်ချုပ်ရေး မဏ္ဍိုင်က တရားဥပဒေ အပေါ် လွှမ်းမိုးမှု မရှိဘူးဘဲ မှန်မှန်ကန်ကန် စီရင် ဆုံးဖြတ်မယ် ဆိုရင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ သူတို့ဆီကို အခုထိ တရားရုံးက အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်ကတော့ သံတော်ဆင့် ဂျာနယ်ကို တောင်းပန် ခိုင်းတဲ့ကိစ္စမှာ စာနယ်ဇင်းကောင်စီ(ယာယီ)က ကြားဝင် ညှိနိုင်းပေးခဲ့ ပေမဲ့ အဆင်မပြေ ခဲ့ဘူးလို့ ပြောပါတယ်။ မြန်မာ သံတော်ဆင့် ဘက်က တောင်းပန်မယ် ဆိုတဲ့ စာမူကြမ်းမှာ သမတကို အကြည်ညိုပျက်စေတဲ့ ရေးသားချက်ဟာ မူလ ဂျာနယ်မှာပါတဲ့ ရေးသားချက်နဲ့ နှိုင်းယှဉ်ရင် လုံလုံ လောက်လောက် မချေဖျက် နိုင်တဲ့ အပြင် တခြား ပုဂ္ဂိုလ်တွေ ကိုပါ ထိပါးပုတ်ခတ်တဲ့ စာသားတွေ ပါနေလို့ တရားစွဲ ရတာဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဘက်က ကြေညာချက်မှာ ဖော်ပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ