သတင်းထောက် ကိုပါကြီးအလောင်း ပြန်တူးဖော်

  • 5 နိုဝင်ဘာ 2014
Ko Par Gyi ဓာတ်ပုံ မူပိုင် three colours
Image caption အလွတ် သတင်းထောက် ကိုပါကြီး

လွန်ခဲ့တဲ့ တစ်လက စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံး သွားခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို သေမှုသေခင်း စစ်ဆေးဖို့ အတွက် ပြန်လည် ဖော်ယူခဲ့ပါတယ်။

မှုခင်းဆိုင်ရာ ဆရာဝန် ကြီးတွေ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ် အပြင် လူ့အခွင့်အရေးကော်မရှင် စတဲ့ လူပေါင်း ၇၀ လောက်နဲ့ မိသားစုတွေ ရှေ့မှာ အလောင်းကို ဖော်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ကိုပါကြီးရဲ့ အလောင်းကို တူးဖော်မှု အရ ခေါင်းမှာ ဒဏ်ရာရ ထားတာ တွေ့ရတယ်လို့ မျက်မြင် သက်သေ တစ်ယောက်ဖြစ်တဲ့ ဦးနေမျိုးဇင်က ပြောပါတယ်။

သူ့မြင်တွေ့ချက် အရဆိုရင် ကိုပါကြီးရဲ့ ခေါင်းမှာ ရတဲ့ ဒဏ်ရာဟာ သေနတ်ဒဏ်ရာ မဟုတ်ဘဲ တစ်ခုခုနဲ့ ထုရိုက်ခံထားရလို့ ရတဲ့ ဒဏ်ရာ ဖြစ်တယ်လို့ ယူဆကြောင်း လည်းသူက ပြောပါတယ်။

တပ်မတော်က ပစ်ခတ် ဖမ်းဆီးတုန်း ကိုပါကြီး သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့ အခု မျက်မြင်တွေ့ရှိချက်တွေ ကွဲလွဲနေတယ်လို့လည်း သူက ပြောပါတယ်။

အခုတော့ ကိုပါကြီးရဲ့ အလောင်းကို မှုခင်းဆိုင်ရာ ဆရာဝန်ကြီးတွေက စစ်ဆေးဖို့ မော်လမြိုင်ကို သယ်ယူ သွားပြီဖြစ်ပါတယ်။

ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးပြီး အမြန်ဆုံး တင်ပြဖို့ နိုင်ငံတော် သမ္မတကလည်း လူ့အခွင့်အရေး ကော်မရှင်ကိုညွှန်ကြားထားပါတယ်။

ကိုပါကြီး ဇနီးက တိုင်ကြားထားတဲ့ သေမှု သေခင်း စစ်ဆေးဖို့ အတွက် ရဲတပ်ဖွဲ့ ဘက်က အလောင်းကိုပြန်လည် တူးဖော်နေချိန်မှာပဲ စစ်တပ် ဘက်ကလည်း စုံစမ်း စစ်ဆေးမှုတွေ လုပ်နေ ပါတယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ဦးစစ်မြိုင်က ပြောပါတယ်။

ဒါပေမဲ့ ကိုပါကြီး သေဆုံးရမှု အတွက် အမှုမှန် ပေါ်ပေါက်ရေးကို စုံစမ်းရေး အဖွဲ့ တစ်ခုတည်း အဖြစ် ဖွဲ့စည်း လုပ်ဆောင်နေတာ တော့ မရှိဘူးလို့ သူကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ