ကိုပါကြီး အလောင်းကို ရေဝေးမှာ ဂူသွင်း သင်္ဂြိုဟ်

  • 7 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုပါကြီး ဘယ်လို သေဆုံးခဲ့တာလဲ ဆိုတာ အဖြစ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင် ကျေးရွာမှာ တစ်လလောက် မြုပ်နှံထားခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီးရဲ့ ရုပ်အလောင်းကို ရန်ကုန်ကို သယ်လာပြီး ရေဝေးသုဿန်မှာ ဒီကနေ့ ဂူသွင်း သင်္ဂြိုဟ် လိုက်ပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်းကို ကျိုက်မရော မြို့နယ်ကနေ ရန်ကုန်မြို့ဆီ သယ်ဆောင်လာစဉ် ပဲခူးတိုင်း အဝင်မှာ ဘုန်းကြီး ၃ပါးရဲ့ တားဆီးမှုကို ကြုံခဲ့ရပေမယ့် အောင်အောင်မြင်မြင်နဲ့ ရန်ကုန်အထိ သယ်လာနိုင်ခဲ့တယ်လို့ ခရီးစဉ် တလျှောက် လိုက်ပါလာတဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

အလောင်းကို ရန်ကုန် ပြန်သယ်ဖို့ မော်လမြိုင်ဆေးရုံမှာကတည်းက သံဃာအချို့ရဲ့ ခြိမ်းခြောက်မှု ကြုံခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အလောင်းကို နိုဝင်ဘာလ ၅ရက်နေ့က ပြန်ဖော်ပြီး စစ်ဆေးခဲ့ရာမှာ ကိုပါကြီးရဲ့ ရုပ်အလောင်းမှာ အနည်းဆုံး ကျည်ဆံရာ (၅)ခု တွေ့ခဲ့ရကြောင်း အလောင်း စစ်ဆေးတဲ့ မှုခင်းဆရာဝန်တွေက ပြောခဲ့တယ်လို့ ကိုပါကြီးရဲ့ ကျန်ရစ်သူ ဇနီးသည် မသန္တာ က ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကတော့ ဒီကျည်ဆံရာတွေနဲ့ ကိုပါကြီး သေဆုံးခဲ့တယ် ဆိုတာကို အတည်မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။

လောလောဆယ်မှာ ရဲ နဲ့ အရပ်ဖက် အဖွဲ့တွေကို စစ်ဆေးလို့ ပြီးသွားပြီ ဖြစ်ပေမယ့် စစ်တပ်ပိုင်းကိုတော့ ထပ်စစ်ဖို့ လိုသေးတယ်လို့ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးစစ်မြိုင်က ဘီဘီစီကို ပြောပါတယ်။ ပြီးခဲ့တဲ့လ အစောပိုင်းက စစ်တပ်က ထိန်းသိမ်းထားစဉ် ကိုပါကြီးဟာ အစောင့် စစ်သားရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစား ခဲ့တာကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရတဲ့အတွက် သေဆုံးခဲ့ရတာလို့ စစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။

ကိုပါကြီး ဘယ်လို သေဆုံးခဲ့တာလဲ ဆိုတာ အဖြစ်မှန် ဖော်ထုတ်နိုင်ဖို့ မိသားစု ဝင်တွေ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ လူမှု အဖွဲ့အစည်း တွေက လိုလားနေကြပါတယ်။