စက်​မှု​ဇုံ မြေ​လွတ်​တွေ​ကို တကယ် ပြန်​သိမ်း​နိုင်​မှာလား

  • 7 နိုဝင်ဘာ 2014
china_factory_ ဓာတ်ပုံ မူပိုင် AFP
Image caption စက်မှုဇုံတွေမှာ လုပ်ငန်း မလုပ်ပဲ မြေယူ ထားသူတွေကြောင့် နိုင်ငံ စီးပွားရေး ထိခိုက်ရ ကြောင်း ဝေဖန်နေ။

ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုံတွေ က မြေကွက်တွေ မှာ မြေငှားရမ်းထားပြီး လုပ်ငန်း လုပ်ကိုင်ခြင်း မရှိတဲ့ မြေကွက်တွေ ကို ပြန်သိမ်း တော့မယ် လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က ကြေညာ ထားပါတယ်။

စက်မှုဇုံတွေမှာ လုပ်ငန်း မလုပ်ပဲ အလွတ်ဖြစ်နေတဲ့ အကွက်တွေ ၂၃၀၀ ကျော်၊ ဧက အားဖြင့် ၄ ထောင်ကျော် ရှိတယ် လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရဲ့ စက်မှုဇုံများ စီမံခန့်ခွဲရေး ကော်မီတီ က စီစစ် တွေ့ရှိ ထားပါတယ်။

စက်မှုဇုံမှာ လုပ်ငန်း လုပ်ကိုင်ဖို့ မဟုတ်ပဲ မြေစျေးတက်မှာ ရောင်းစားဖို့ ရည်ရွယ်ပြီး ရယူထား ကြသူတွေ ကြောင့် တကယ် ရင်းနှီး မြှုပ်နှံ လိုသူတွေ လုပ်ခွင့် မရ၊ နိုင်ငံ စီးပွားရေး လည်း နစ်နာ ရကြောင်း ဝေဖန်မှုတွေ အမြဲ ရှိခဲ့ပါ တယ်။

အခုတော့ လွတ်နေတဲ့ မြေတွေ မှာ ဘာလုပ်ငန်း လုပ်မှာလဲ ဆိုတဲ့ လုပ်ငန်း စီမံချက် အသေးစိတ် ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ထံ ဒီဇင်ဘာလ ၁ ရက်နောက်ဆုံးထားပြီး တင်ရမယ်၊ ၂၀၁၅ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မတိုင်မီ လုပ်ငန်းတွေ လည်ပတ်ရမယ် ၊ အဲလိုမှ မလုပ်ရင်တော့ ဒီမြေကွက်လွတ် တွေကို အစိုးရ ထံ ပြန်လည် အပ်နှံရမယ် ဆိုပြီး ကြေညာ ထားတာ ဖြစ်ပါ တယ်။

အစိုးရ အနေနဲ့ လက်ရှိ မြေယူထားသူ တွေဆီက ဒီ အတိုင်း သိမ်းယူတာမျိုး မဟုတ်ပဲ၊ သင့်တင့်တဲ့ စျေးနဲ့ ကြားချ ညှိနှိုင်းပြီး ပြန်ယူဖို့ အကြံပြုထားတယ် ဆိုပြီး လှိုင်သာယာ စက်မှုဇုံ ဥက္ကဌ ဦးမြတ်သင်းအောင် ကတော့ ပြောပါတယ်။

ဒါပေမယ့် စက်မှုဇုံ မြေတွေကို ရယူ ကတည်းက စာချူပ်ပါ စည်းကမ်းတွေကို ပဋိညာဉ်ခံ သဘောတူ ရယူထားတာ ဖြစ်လို့ အစိုးရ အနေနဲ့ ပြန်သိမ်းနိုင် တဲ့ လုပ်ပိုင်ခွင့် ရှိကြောင်း ထောက်ပြ ပြောဆို ကြသူတွေ လည်း ရှိပါတယ်။

ဒီမြေလွတ်တွေ ဟာ အရင် စစ်အစိုးရ ခေါင်းဆောင်ပိုင်းတွေ၊ စစ်ဗိုလ်ချုပ်တွေ နဲ့ သူတို့ မိသားစု၀င် တွေက ရယူ ထားကြတာ ဆိုတဲ့ သတင်းမျိုးတွေ လည်း ထွက်နေတော့ အခု ရန်ကုန်တိုင်းဒေကြီး အစိုးရက ဘယ်ပုံ ဘယ်နည်း နဲ့ ပြန်ယူမယ် ဆိုတာ စောင့်ကြည့်ရဦး မှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ