ဦးသိန်းစိန်နဲ့ တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး

  • 8 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် မြန်မာ ဆက်ဆံရေး လာမယ့်နှစ်မှာ ၆၅ နှစ် ပြည့်မယ်။

အာရှ ပစိဖိတ်ဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု APEC ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဘေဂျင်းမြို့ကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ စနေနေ့မှာ တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ ရော တရုတ်ဝန်ကြီးချုပ် လီကွတ်ချန်းနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဓိကအားဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ စွမ်းအင်နဲ့ လျှပ်စစ် ကဏ္ဍ၊ တရုတ်နိုင်ငံကို ပညာတော်သင် စေလွှတ်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ အတူ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

တခါ လာမယ့်နှစ်မှာ တရုတ် မြန်မာ ဆက်ဆံရေး ၆၅နှစ် ပြည့်မှာ ဖြစ်တဲ့အတွက် ပိုထူးခြားတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု ဆိုတဲ့ အစီအစဉ်အောက်မှာ ဘာတွေကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို အာဆမ် ထိပ်သီး ဆွေးနွေးပွဲ လာတက်အပြီး နိုဝင်ဘာ ၁၄ရက်နေ့မှာ မြန်မာနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် စမှာ ဖြစ်ပြီး အဲဒီ ခရီးစဉ်အတွင်းမှာ တရုတ် မြန်မာ သဘောတူချက်တချို့ လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

ပိုးလမ်းမကြီး အကောင်အထည် ဖေါ်ဖို့နဲ့ အာရှ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်နွယ်မှုတွေ လုပ်ဖို့ကို တရုတ်တို့ ဘက်က ဆန္ဒ ပြင်းပြနေပြီး မြန်မာနိုင်ငံ အနေနဲ့လည်း ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်၊ အမေရိကန်၊ ရရှား နဲ့ မြန်မာနိုင်ငံတို့အပါအဝင် နိုင်ငံ ၂၁ နိုင်ငံပါဝင်တဲ့ အာရှ ပစိဖိတ်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး ဆွေးနွေးပွဲကြီးကို လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တရုတ်ပြည် ဘေဂျင်းမြို့တော်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။