ဖမ်းမိရိုဟင်ဂျာတွေ ပင်လယ်ဘက် ပြန်လွှတ်မယ် ပြော

  • 10 နိုဝင်ဘာ 2014
boat_304x171_ ဓာတ်ပုံ မူပိုင် Reuters
Image caption လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်

ထိုင်းတောင်ပိုင်း ပင်လယ်ပြင် မှာ ပြီးခဲ့တဲ့ စနေနေ့ က ဖမ်းမိခဲ့ တဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် သုံးရာနီးပါး ကို ပင်လယ် ထဲ ပြန်ပို့မယ်လို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင် တဦးက ပြောဆို ခဲ့တာနဲ့ ပက်သက်ပြီး လူ့အခွင့်အရေး အဖွဲ့တွေ က စိုးရိမ်တကြီး ဝေဖန် နေကြပါတယ်။

ထိုင်း ရေပိုင်နက် ကို ရောက်လာတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည် သုံးရာ နီးပါးကို လောလောဆယ် မှာ နိုင်ငံထဲ တရားမဝင် ခိုးဝင်မှုနဲ့ ဖမ်းဆီးထားပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံက ထွက်ခွာလာတာလို့ ပြောကြ ပေမယ့် စစ်ဆေးချက်တွေအရတော့ ဒီလို ပြောနိုင်တဲ့ အထောက်အထား မတွေ့ရဘူး လို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်တွေ က သတင်းဌာနတွေ ကို မှတ်ချက် ပေးပါတယ်။

ဒါပေမယ့် ဒီရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို သွားဖို့ ထွက်လာတာ လို့တော့ သိရပါတယ်။ တချို့ အမျိုးသမီးတွေ ဟာ မလေးရှား နိုင်ငံ မှာ ရောက်ရှိနေပြီးဖြစ်တဲ့ သူတို့ရဲ့ ခင်ပွန်းသည်တွေ နောက်ကို လိုက်လာကြတာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း ကပိုးနယ်မြေက ထိုင်းရဲအရာရှိက ပြောပါတယ်။

အဆိုပါ ရဲအရာရှိက ထိုင်းမီဒီယာ နဲ့ အင်တာဗျုးတာမှာ သူတို့ကို ပင်လယ်ထဲ ပြန်ပို့ဖို့ လုပ်နေတယ်လို့ ပြောလိုက်တဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကို စောင့်ကြည့်နေတဲ့ အကြောင်းကို ထိုင်းအခြေစိုက် Arakan Project က တာဝန်ရှိသူ ခရစ်စ် လေးဝါးက ဒါဟာ ထိုင်းအစိုးရရဲ့ ပေါ်လစီနဲ့ ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် ဒေသခံ ရဲတပ်ဖွဲ့က ခုလို လုပ်ဖို့ ဆုံးဖြတ်တာလား ဆိုတာကို ပြောဖို့ ခက်တဲ့ အကြောင်း ဒါပေမယ့် ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နေရာလုံးကနေ ပင်လယ်ပြင်ကို ထွက်လာနေတဲ့ ရိုဟင်ဂျာ အရေအတွက်က တလအတွင်းမှာ ထောင်ဂဏန်း ရှိနေတဲ့အတွက် အခြေအနေက ရှုပ်ထွေးပြီး စိုးရိမ်စရာ ဖြစ်နေလို့ အာဏာပိုင်တွေက ဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်လို့ ဘီဘီစီ ကို ပြော ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပက်သက်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်နဲ့ ထိုင်းနိုင်ငံတွေ မှာ အဓိက ပြသနာတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတကာက ထိုင်းအစိုးရကို ဘာ့ကြောင့် ဖိအားမပေးတာလဲလို့ မေးတဲ့အခါ မှာ ခရစ်စ် လေးဝါးက ထိုင်းနိုင်ငံက ခရီးတထောက်နားတဲ့ နိုင်ငံပါ။ ဒါကြောင့် ဒီကိစ္စမှာ ဘာလုပ်ရမလဲ မသိကြဘူးလို့ သူက ပြောပါတယ်။ ရိုဟင်ဂျာ အားလုံးနီးပါး ဟာ ထိုင်းမှာ ခိုလှုံဖို့ ရောက်လာကြတာ မဟုတ်ပါဘူး။ သူတို့က တကယ်တော့ မလေးရှားကို ပြေးကြတာပါ။ ဒီတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ကိုင်တွယ်ရတာ နည်းနည်း ပိုခက် ပါတယ်လို့ ခရစ်စ် လေးဝါးက ဆက်ပြောခဲ့ပါတယ်။

ထိုင်းရဲအရာရှိ ရဲ့ မီဒီယာတွေကို အပြောအရတော့ သူတို့ကို မြန်မာရေပိုင်နက်ထဲကို ပြန်ခေါ်သွားပြီးမှ လွှတ်ပေးမှာ ဖြစ်ပါတယ်။ မြန်မာ့ရေပိုင်နက်ထဲကို သူတို့ ရောက်သွားပြီးရင် နောက်ဆက်တွဲကတော့ သူတို့နဲ့ မဆိုင်တော့ဘူး လို့ အဆိုပါ ရဲက မီဒီယာတွေကို ပြောခဲ့ပါတယ်။