ပထမကမ္ဘာစစ်အတွင်းက မြန်မာစစ်သား

  • 11 နိုဝင်ဘာ 2014
ww1
Image caption လန်ဒန်မြို့ အထိန်းအမှတ်လုပ်

ပထမကမ္ဘာစစ်ကြီးဖြစ်တာ အခုဆို နှစ် ၁၀၀ တောင်ရှိပါပြီ။

အဲဒီကမ္ဘာစစ်ကြီးအတွင်း ဥရောပက စစ်သားတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ရသလို အာရှမှာရှိတဲ့ ကိုလိုနီနိုင်ငံတွေက စစ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။

ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကနေလည်း ဒီစစ်ပွဲမှာ ပါဝင်ခဲ့သူတွေရှိပြီး အဲဒီထဲမှာ ဉီးကျော်မြင့်လည်း ပါဝင်ပါတယ်။

အခုချိန်မှာ သက်ရှိထင်ရှားမရှိတော့တဲ့ ဉီးကျော်မြင့်ဟာ လွတ်လပ်ရေးရပြီးခေတ်မှာ တရားဝန်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းသားဘဝမှာပဲ ဖခင်နဲ့ စိတ်ဆိုးပြီး စစ်ထဲဝင်ရာက အိန္ဒိယနိုင်ငံက အင်္ဂလိပ်တပ်ကို ရောက်သွားပါတယ်။

ပထမကမ္ဘာစစ်အတွင်း တပ်တွေ အရွေ့အပြောင်းလုပ်ရာမှာ သူဟာ ဘဂ္ဂဒက်မြို့မှာ တာ၀န်ကျခဲ့ပါတယ်။ အဲဒီက ရေနံတွင်းတွေကို ဂျာမနီတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးရတယ်လို့ သူ့ရဲ့ သားဖြစ်သူ ဒေါက်တာ သိန်းအုပ်ကျော်မြင့်က ပြန်ပြောပါတယ်။

သြစတြေးလျမှာ လက်ရှိနေထိုင်နေတဲ့ အသက် ၇၀ အရွယ် ဒေါက်တာသိန်းအုပ်ကျော်မြင့်က သူ့ဖခင်ဟာ စစ်ထဲ ပါဝင်ခဲ့ပေမယ့် စစ်ရဲ့ အနိဋ္ဌာရုံတွေကို မြင်တွေ့ခဲ့ရပြီး စစ်ကို ရွံ့မုန်းသူဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက် နေ့ စစ်ပြီးဆုံးတဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်းလည်း စစ်အတွင်း ကျဆုံးသွားခဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေ အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါက်တာ သိန်းအုပ်ကျော်မြင့်က ပြောပါတယ်။