ပြုပြင် ပြောင်းလဲမှုတွေမှာ လိုအပ်နေဆဲလို့ အိုဘားမားပြော

  • 13 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အကောင်အထည် ပေါ်တာကို မြင်လိုတယ်လို့ သမ္မတ အိုဘားမားပြော

အာဆီယံ ထိပ်သီး အစည်းအဝေး ဒုတိယ မြောက်နေ့ ဖြစ်တဲ့ ကြာသပတေးနေ့မှာ အာဆီယံနဲ့ အမေရိကန်၊ အာဆီယံနဲ့ တရုတ် စတဲ့ ထိပ်သီး ဆက်စပ် အစည်းအဝေးတွေ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

အာဆီယံ အစည်းအဝေး တက်ရောက်လာတဲ့ အမေရိကန် သမ္မတ အိုဘားမားက မြန်မာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အပေါ် သူ့အနေနဲ့ အပြုသဘော ရှုမြင်ကြောင်း၊ ဒါပေမယ့် နောက်ထပ် ဆောင်ရွက်စရာတွေ လိုနေသေးကြောင်း ပြောသွားပါတယ်။

အမေရိကန်နိုင်ငံ အနေနဲ့ မိတ်ဆွေကောင်းပီပီ ကောင်းတာ တွေ့ရင် ချီးမွမ်း ပြောဆိုမှာ ဖြစ်သလို လိုအပ်တာ တွေ့ရင်လည်း အပြုသဘော ဝေဖန် ထောက်ပြသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ပေါ်ပြီး မြန်မာပြည်သူတွေ အခိုင်အမာ အကျိုးဖြစ်ထွန်းရေးဟာ အမေရိကန် အစိုးရရဲ့ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ကြိုးစား ဆောင်ရွက်နေကြောင်းနဲ့ ရွေးကောက်ပွဲ စနစ်တခုကို ရှာဖွေနေတဲ့ အကြောင်း ပြောသွားပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကတော့ လွတ်တော် အတွေ့အကြုံ မရှိတဲ့ ကြားက ကြိုးစား ဆောင်ရွက် နေရတာမို့ စိန်ခေါ်မှုတွေ ရှိနိုင်ကြောင်းတရားရေး စီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ နဲ့ ဥပဒေပြုရေး အာဏာ စတဲ့ အာဏာကြီး ၃ရပ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အပြန်အလှန် Check and Balance လုပ်ပြီး ထိန်းညှိထားဖို့ လိုအပ်ကြောင်း၊ မဟုတ်ရင် တပ်က အာဏာသိမ်းတာမျိုးလို အာဏာရှင် စနစ် ပြန်လွှမ်းမိုးလာမယ့် အန္တရာယ်မျိုးနဲ့ ကြုံနိုင်ကြောင်း ဆွေးနွေး ပြောဆိုသွားပါတယ်။

သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်နဲ့ ညနေနှောင်းပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အဲဒီလို မတွေ့ဆုံခင်မှာ သမ္မတ အိုဘားမားက အမေရိကန် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ကို ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံကို လာမယ့်နှစ်မှာ စစေလွှတ်မယ်လို့ ထုတ်ဖေါ်ကြေညာ သွားပါတယ်။

အဲဒီ အဖွဲ့ဟာ၂၀၁၅ခုနှစ် နှောင်းပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပြီး မြန်မာ စကား၊ ဓလေ့ထုံးစံနဲ့ နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကို ၃လကြာ သင်ယူပြီးရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ နှစ်နှစ်ကြာ ကူညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သမ္မတ အိုဘားမားဟာ သောကြာနေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။