စေတနာ့ဝန်ထမ်း အမေရိကန် ငြိမ်းချမ်းရေးတပ် မြန်မာပြည်ကို စေလွှတ်ပေးမယ်

  • 13 နိုဝင်ဘာ 2014
cn_u_thein_sein_barack_obama ဓာတ်ပုံ မူပိုင် EPA
Image caption လူမှုရေး ကဏ္ဍတွေမှာ ကူညီဖို့ ငြိမ်ချမ်းရေးတပ် ဆိုပြီး စေလွှတ်တဲ့ အမေရိကန် အစိုးရ အစီအစဉ် မြန်မာပြည်မှာ စနိုင်တော့မယ်။

သမ္မတ အိုဘားမားက အမေရိကန် စေတနာ့ ဝန်ထမ်း ငြိမ်းချမ်းရေး တပ်ဖွဲ့ ကို ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ ကို လာမယ့်နှစ်မှာ စတင် စေလွှတ်ပေးမယ် လို့ ကြေညာ ခဲ့ပါတယ်။

ပထမ စေလွှတ်မယ့် အသုတ်မှာ လူ ၂၅ ယောက် ပါဝင်မှာ ဖြစ်ပြီး၊ မြန်မာ အစိုးရက လုံခြုံရေး အရ စိတ်ချ ရတဲ့ ဒေသ တွေမှာ သူတို့ကို လူမှု ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက် ခွင့် ပေးသွားမယ် လို့ သိရပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ၊ အင်္ဂလိပ်စာ သင်ကြားရေး ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍ တွေမှာ အပျော်တမ်း လုပ်အားပေး လိုသူ တွေကို အမေရိကန် ကနေ အခုလို ငြိမ်းချမ်းရေး တပ်ဆိုပြီး စေလွှတ် ပေးလေ့ ရှိပါတယ်။

ငြိမ်းချမ်းရေးတပ် ဆိုပေမယ့် စစ်တပ်နဲ့ ဘာမှ မဆိုင်ပဲ၊ လူမှု ကူညီရေး အရပ်သား အဖွဲ့သာ ဖြစ်တယ်လို့ အမေရိကန် သံရုံး တာဝန်ခံဟောင်း ပရက်ဆီလာ ကလပ် က ဘီဘီစီကို ပြောပါတယ်။

ကွယ်လွန်သူ အမေရိကန် သမ္မတ ကနေဒီ လက်ထက် ၁၉၆ဝ ကျော်က အဲဒီ့ အဖွဲ့ကို လူငယ်တွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာတော့ ပင်စင်စား သက်ကြီး ရွယ်အိုတွေထိ ပါဝင် ပူးပေါင်း လာကြတယ် လို့ မစ္စ ပရက်ဆီလာ ကလပ်က ဆိုပါတယ်။

သမ္မတ အိုဘားမားဟာ၊ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်မှာ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ပါလိမ့်မယ်။

ဒါ့အပြင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ စကား ပြောကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ