ဆန္ဒပြ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ တွေ့ဆုံ ဆွေးနွေး

  • 16 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Democracy Education Movement Committee
Image caption တနင်္လာနေ့ မှာတော့ ကျောင်းသား တွေဟာ ရန်ကုန် မြို့ထဲ နဲ့ မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြ ပွဲတွေ ထပ်လုပ်ဖို့ ရှိပါတယ်။

အမျိုးသား ပညာရေး ဥပဒေ နဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြ ခဲ့ကြတဲ့ (၃)ရက် မြောက် ဖြစ်တဲ့ တနင်္ဂနွေ နေ့ မှာ တော့ ပညာရေး ဌာန တာဝန်ရှိ သူတွေ နဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ကျောင်းသား ခေါင်းဆောင် တွေနဲ့ ဆွေးနွေး မှုမှာ ဦးဆောင် ပါဝင် ခဲ့တဲ့ အောက် မြန်မာပြည် အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဌေး ကတော့ အမျိုးသား ပညာရေး ဥပဒေမှာ ကျောင်းသားတွေ ဘက်က ပြင်ပေးဖို့ တောင်းဆို ချက်တွေ ကို အစိုးရ ဘက်က တဖြည်းဖြည်း လိုက်လျော ပေးသွား မှာ ဖြစ်တယ်လို့ BBC ကို ပြောပါတယ်။

ကျောင်းသားတွေ ကတော့ အမျိုးသား ပညာရေး ဥပဒေ ရဲ့ ပင်မ ဥပဒေ ထဲမှာ သူတို့ တောင်းဆို ချက်တွေကို ထည့်ပေးဖို့ ပြောတာကို ဆရာတွေ ဘက်က လက်မခံဘဲ နည်းဥပဒေ ထဲမှာဘဲ ထည့်ဖို့ ညှိနှိုင်းတဲ့ အတွက် ဆွေးနွေးပွဲ ဟာ အဖြေ မထွက်ဘဲ ပြီးဆုံး ခဲ့တယ်လို့ ပြောပါတယ်။

ကျောင်းသားတွေ ဘက် ကတော့ ဒီလို တွေ့ဆုံ မှုမှာ အစိုးရပိုင်းက တကယ်တမ်း တာဝန်ရှိသူတွေ အပြင် နိုင်ငံလုံးဆိုင်ရာ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး ကွန်ရက် NNER နဲ့ ကျောင်းသား ခေါင်းဆောင်တွေ ပါတဲ့ ဆွေးနွေး မှုတွေကို လိုလားနေပါတယ်။

လောလောဆယ် အတည်ပြု ထားတဲ့ အမျိုးသား ပညာရေး ဥပဒေဟာ လွပ်လပ်မှု မရှိဘဲ ဗဟို ချုပ်ကိုင်မှု အားကြီး နေပြီး လွတ်လပ်စွာ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်း ခွင့် မရှိ သလို အစိုးရက သုံးစွဲတဲ့ ပညာရေး ဘတ်ဂျက်ငွေ ကလည်း နည်းပါး နေတယ် ဆိုပြီး ဒီဥပဒေကို ပြင်ပေးဖို့ ကျောင်းသား တွေက တောင်းဆို နေတာပါ။

လောလော ဆယ်မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ အမျိုးသား ပညာရေး ဥပဒေဟာ နည်းဥပဒေ ထွက်လာပြီ ဆိုရင်တော့ ဒီဥပဒေက အသက်ဝင် လာတော့ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား တွေဟာ အမျိုးသား ပညာရေး ဥပဒေ ပါ အချက်တွေ ကို ကန့်ကွက် ဆန္ဒပြ နေတာ ဖြစ်ပါ တယ်။

ပညာရေး ဥပဒေနဲ့ ပတ်သက် လို့ အစိုးရ ဘက်ပိုင်းက ထိရောက် တဲ့ ညှိနှိုင်း ဆွေးနွေး မှုတွေ မရှိဘူး ဆိုရင်တော့ ဒီထက် ပိုမို ပြင်းထန်တဲ့ သပိတ် မှောက် ဆန္ဒပြ မှုတွေ ဆက်လုပ် သွားမယ်လို့ ဗမာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကျောင်းသူ မဖြိုးဖြိုးအောင် က ပြောပါတယ်။

တနင်္ဂနွေနေ့က ကျောင်းသား (၃၀၀) ကျော် လောက်ဟာ ရွှေတိဂုံ ဘုရားရင်ပြင် ပေါ်မှာ ဆန္ဒပြ ဆုတောင်း မှုတွေ ပြုလုပ်ခဲ့ သလို ရန်ကုန်တိုင်း လွှတ်တော် ရုံးရှေ့ ပြင်သူ့ ရင်ပြင်မှာလည်း ထိုင် သပိတ် နဲ့ ဆန္ဒပြ ခဲ့ကြ တာပါ။

ဆန္ဒပြ နေချိန် မှာ ပညာရေး ဌာနက တာဝန်ရှိ သူတွေက ကျောင်းသား တွေ နဲ့ တွေ့ဖို့ ကမ်းလှမ်း ခဲ့တဲ့ အတွက် ကျောင်းသား ခေါင်းဆောင် (၁၅)ဦး ဟာ တက္ကသိုလ် ပါမောက္ခ (၄)ဦး ၊ ပညာရေး ဌာနက ညွှန်ချုပ် (၃)ဦး တို့ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့ မှာတော့ ကျောင်းသား တွေဟာ ရန်ကုန် မြို့ထဲ နဲ့ မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြ ပွဲတွေ ထပ်လုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ