ရဲတပ်ဖွဲ့ပြုပြင်ရေး EU သံအမတ် ကွင်းဆင်း

  • 17 နိုဝင်ဘာ 2014
police myanmar ဓာတ်ပုံ မူပိုင် AFP
Image caption လယ်မြေသိမ်း ကိစ္စ ဆန္ဒပြပွဲ ရဲကိုင်တွယ်မှု ဝေဖန် ခံရ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပက်သက်ပြီး ကျေနပ်စရာ သတင်းစကား တွေ ပြန်ကြားသိရ တယ်လို့ အဲဒိ အစီအစဉ်ကို ကူညီနေတဲ့ ဥရောပ သမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး မစ္စတာ ရိုလန် ကိုဘီယာ က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဆယ်စုနှစ် များစွာ အမြစ်တွယ်နေတဲ့ စနစ်တခုကို လပိုင်းအတွင်း ပြုပြင်ဖို့ မလွယ်ပေမယ့် အီးယူက သင်တန်းပေး ပြီးတဲ့ မြို့နယ်တွေက ရဲတပ်ဖွဲ့တွေရဲ့ ပြောင်းလဲ လာမှုကို လူထုက အသိအမှတ် ပြုတယ်လို့ သံအမတ်ကြီး က ပြောပါတယ်။

အီးယူ သင်တန်းတွေ အပြီးမှာ ရဲတွေဟာ လူထုအပေါ် ပိုပြီး ယဉ်ကျေးလာတယ်၊ ပြောလို့ဆိုလို့ အဆင်ပြေလာတယ်။ ပြီးတော့ ပြသနာကို ရှာဖွေတဲ့ ချဉ်းကပ်ပုံကနေ ပြသနာကို ဖြေရှင်းတဲ့ ချဉ်းကပ်ပုံကို ပြောင်းလာ ကြတယ်။ ဒါ့ကြောင့် လူထုဆီက အကောင်းမြင်တဲ့ မှတ်ချက်မျိုးတွေ ကြားခဲ့ရတာ ဖြစ်တယ် လို့ သူက ပြောခဲ့ပါတယ်။

မကြာ သေးခင်က မင်္ဂလာတောင်ညွန့် မြို့နယ်မှာ သံအမတ်ကြီး ကိုယ်တိုင် စက်ဘီးတစီးနဲ့ ပတ်တရောင် လှည့်လည်ရာမှာ ရဲတွေနဲ့ လိုက်ပါပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အီးယူက အစီအစဉ်ရဲ့ အောင်မြင်မှု ထိရောက်မှုကို ထိမ်းညှိ စောင့်ကြည့်တာတွေ လုပ်ပါတယ် လို့ သူက ပြောခဲ့ပါတယ်။

အခုက ကနဦး စီမံကိန်းဖြစ်ပြီး ရန်ကုန်မှာပဲ လုပ်နိုင်သေး တဲ့အတွက် ရဲတပ်ဖွဲ့ တခုလုံး ပြောင်းလဲဖို့က အချိန်ယူရမယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရက ဆန္ဒ ရှိမယ်ဆိုရင် ဒီအစီအစဉ်ကို တခြား နေရာတွေမှာပါ ဆက်လုပ်သွားဖို့ ဥရောပ သမဂ္ဂအနေနဲ့ ဦးစားပေး စဉ်းစားမယ် လို့လဲ သံအမတ်ကြီးက ပြောပါတယ်။

လယ်မြေသိမ်း ကိစ္စ ဆန္ဒပြပွဲလို ဟာမျိုးတွေက ဒီအစီအစဉ် ဆက်လုပ်ဖြစ်ရင် ဒုတိယဆင့်လောက်မှာ ကိုင်တွယ်နိုင်လိမ့်မယ် လို့ သူမျှော်လင့်ကြောင်း ပြန်ဖြေခဲ့တာပါ။

အဲဒိအချိန်လောက်မှာ မတူညီတဲ့ ကိစ္စတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သူတို့ သိလာဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

သင်တန်းတွေ ပြီးတဲ့အခါမှာ အခု ပြောထားတဲ့ ကိစ္စတွေသာမက တခြား ပြသနာတွေလဲ တပါတည်း ပြေလည်သွားနိုင်ပါတယ်လို့ သူက မျှော်လင့် နေပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဒီအသွင်ကူးပြောင်းရေး အစီအစဉ်ဟာ ဥရောပ သမဂ္ဂဆီကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာဖြစ်ပြီး အစိုးရကလဲ လိုလိုလားလား သဘောတူ ခွင့်ပြုခဲ့တဲ့ အကူအညီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ