ဗုံး​ကွဲ​မှု​နဲ့ ပတ်သက်​ပြီး မြန်မာ​ဘက်​က လူ​တစ်​ဦး ဖမ်းဆီး​ထား​ကြောင်း အိန္ဒိယ​ရဲ ဆို

  • 18 နိုဝင်ဘာ 2014
burdwan_blast
Image caption ဘာ့ဒ်ဝန်ခရိုင် အိမ်ပေါက်ကွဲမှုမှာ မြန်မာ နိုင်ငံက လူတစ်ဦးကို ဖမ်းထားကြောင်း အိန္ဒိယ ရဲတွေက ပြောပါတယ်။

အိန္ဒိယ ရဲ့ အနောက်ဘင်္ဂလား ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု တစ်ခုနဲ့ ပတ်သက်ပြီး၊ မြန်မာ နိုင်ငံဘက်က လူတစ်ဦးကို ဖမ်းဆီးထားတယ် ဆိုပြီး အိန္ဒိယရဲ့ အကြမ်းဖက် တိုက်ဖျက် ရေး ဌာန က ပြောပါတယ်။

အဲဒီ့ ခါလစ် မိုဟာမက် ဆိုသူဟာ လက်လုပ်ဗုံး ပြုလုပ်ခဲ့တယ် ဆိုပြီး သံသယ အရှိခံရသလို၊ ရိုဟင်ဂျာ မွတ်ဆလင်မ် သွေးစည်းညီညွတ်ရေး အဖွဲ့ RSO ရဲ့ အဖွဲ့ဝင်တစ်ဦး ဆိုပြီးတော့ လည်း စွပ်စွဲ ခံထား ရပါတယ်။

အသက်၂၈ နှစ်အရွယ် ခါလစ်ဒ် မိုဟာမက်ဒ်ဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေစိုက် RSO အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတွေကို ဦးဆောင် လှုပ်ရှားနေသူ ဖြစ်ပြီး၊ ဖောက်ခွဲရေး ပစ္စည်း ကျွမ်းကျင်သူ တဦး ဖြစ်တယ် လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ အဖွဲ့က ပြောကြောင်း IBN အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာန မှာ ဖော်ပြ ထားပါတယ်။

သူဟာ စာရွက်စာတမ်း အတုတွေနဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်နေပြီး ပါကစ္စတန် အခြေစိုက် လက်နက်ကိုင် အုပ်စုတွေ ဆီမှာ သင်တန်းတွေ တက်နေတယ် ကြောင်း အစောပိုင်း စုံစမ်း စစ်ဆေးချက်တွေ အရ သိရတယ် လို့လည်း ဆိုပါတယ်။

သူ့ကို ဖမ်းဆီးမိစဉ် IS အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ အပါအဝင် ဂျီဟာ့ဒ် ဝါဒီတွေ နဲ့ ဆိုင်တဲ့ စာရွက် စာတမ်းတွေ၊ ဖောက်ခွဲရေး ပစ္စည်း ထုတ်လုပ်နည်း စာရွက် စာတမ်းတွေ လည်း တွေ့ခဲ့ကြောင်း ရဲက ပြောပါတယ်။

သူ့ကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်း ဖြစ်တဲ့ ဘာ့ဒ်ဝန် ခရိုင်က အိမ်တစ်လုံး ပေါက်ကွဲမှုဟာ အကြမ်းဖက် အဖွဲ့တဖွဲ့ နဲ့ ဆက်စပ် နေတဲ့သူတွေ လက်လုပ်ဗုံးတွေ လုပ်နေရင်း ဖြစ်ပွားခဲ့တာ လို့ ရဲက ပြောပါတယ်။

ပေါက်ကွဲမှု အတွင်း လူ၂ ဦး သေဆုံးခဲ့ပြီး ဒီပေါက်ကွဲမှု နဲ့ ပတ်သက်လို့ လောလောဆယ် လူ ၁၂ဦး ကို ထိန်းသိမ်း ထားပါတယ်။

ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ် အခြေစိုက် မတရားသင်း ကြေညာ ခံထားရတဲ့ ဂျမာတူလ် မူဂျာဟေဒီးန် ဘင်္ဂလားဒေ့ရှ် အဖွဲ့နဲ့ ဆက်နွယ် နေတယ် လို့လည်း ရဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ