၄ ပွင့်ဆိုင်တွေ့ဖို့ ကျောင်းသားတောင်းဆို

  • 18 နိုဝင်ဘာ 2014
student myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption ပညာရေး ဥပဒေ ပြုပြင်ရေး ဆန္ဒပြ အရေးဆို

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် တွေနဲ့ ပတ်သက်ပြီး ပညာရေး ဝန်ကြီး ဌာန က ဖြေရှင်းချက် ထုတ်ပြီး ညှိနှိုင်းဖို့ ခေါ်လိုက် ပေမယ့် သပိတ်မှောက် ကျောင်းသား တွေ ဘက်က ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ တောင်းဆို လိုက်ပါတယ်။

သပိတ်မှောက် ကျောင်းသား တွေက ဥပဒေမှာ မကျေနပ်တဲ့ အချက်တွေ ပြင်ဆင်ပေးဖို့ တောင်းဆို ပြီး ရက်ပေါင်း ၆ဝ အတွင်း သက်ဆိုင်ရာက ဖြေရှင်း ပေးရမယ်လို့ မနေ့က ထုတ်ပြန် ပြီးတဲ့ နောက် အမျိုးသား ပညာရေး မြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီ က အင်္ဂါနေ့ မှာ ဖြေရှင်းချက် တွေ ထုတ်လိုက် ပါတယ်။

ကျောင်းသားတွေ ကန့်ကွက် နေတဲ့ ကျောင်း အုပ်ချုပ်ရေး ပိုင်းမှာ ဗဟိုချုပ်ကိုင်မှု တွေ ပါနေတာ ဆိုတာအချက်မှာ အဆင့်မြင့် ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဆိုတာ တက္ကသိုလ် ကောလိပ် တွေကို အုပ်ချုပ်မယ့် အဖွဲ့အစည်း မဟုတ်ဘူး လို့ ရှင်းထား သလို နောက်ထွက် လာမယ့် နည်းဥပဒေ မှာ အသေးစိတ် အချက်အလက် တွေ ထည့်သွင်း သွားမှာ ဖြစ်ပါတယ် လို့ ရှင်းထား ပါတယ်။

ကျောင်းသားတွေ တောင်းဆို တဲ့ သမဂ္ဂ ဖွဲ့စည်းခွင့် ကိစ္စ ကို ပညာရေး မူဝါဒ မှာ တက္ကသိုလ် နဲ့ ကောလိပ် ကျောင်းတွေဟာ လွတ်လပ်တဲ့ ကိုယ်ပိုင် စီမံ ခန့်ခွဲခွင့်နဲ့ ရပ်တည်ရေး လို့ ပါရှိပြီး ဖြစ်တဲ့ အကြောင်း ပုဒ်မ နဲ့တကွ ရှင်းပြ ထားပါတယ်။

ဥပဒေ ပြင်ရေး အတွက် ဆန္ဒပြ ကျောင်းသား ကိုယ်စားလှယ် တွေ လွှတ်တော် တာဝန် ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်း ချင်ရင် ကူညီ ဆောင်ရွက် ပေးနိုင် တယ်လို့ ပညာရေး မြှင့်တင်မှု ကော်မတီက ကမ်းလှမ်း ထားတာကို တွေ့ရပါတယ်။

သပိတ်မှောက် ကျောင်းသား တွေ ဘက်က ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ ထပ်မံ တောင်းဆို လိုက်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

ရာနှုန်းပြည့် လက်ခံ နိုင်တဲ့ ဥပဒေ မဟုတ်ပေမယ့် ပြုပြင် ပြောင်းလဲရေး လုပ်နိုင်တဲ့ အခြေအနေတွေ ဒီဥပဒေမှာ ပါလာပြီး ဆွေးနွေး အကြုံပြု နိုင်တယ်လို့ အဆင်မြင့် ပညာရေး ဥပဒေ မူကြမ်း ပြုစုရေး ကော်မတီဝင် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် က ပြောပါတယ်။ ဆွေးနွေးလို့ ရနိုင်မယ်လို့ ကမ်းလှမ်း မှုတွေ ရှိပေမယ့် ၂ ဘက်လုံးရဲ့ ရပ်တည်ချက်က အဖြေတခု လောလောဆယ် ထွက်လာမယ့် အလားလာ တော့ မတွေ့ရ သေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ