ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်ရေးကို ဝေဖန်နေကြ

  • 19 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ လုပ်နိုင်တော့မယ် လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ရက်နေ့က ပြောကြားလိုက်တဲ့ အပေါ် နိုင်ငံရေးပါတီ အတော်တော်များရဲ့ သဘောမတွေ့တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက တဦးအနေနဲ့ ဒီလိုပြောခွင့် ဒီလိုလုပ်ခွင့်ရှိသလားလို့ လည်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ခေါ်ဖို့ အစည်းအဝေး အစီအစဉ်ထဲမှာ ထည့်သွင်းမယ် မထည့်သွင်းဘူး စတာတွေကို ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်တဲ့ သူရ ဦးရွှေမန်းအနေနဲ့ လုပ်ပိုင်ခွင့်ရှိပေမယ့်လည်း လွှတ်တော်မှာ အဆုံးအဖြတ်မယူပဲ အခုလို ပြောတာကိုတော့ လက်မခံနိုင်ဘူးလို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

အဲန်အယ်လ်ဒီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကတော့ ဦးရွှေမန်းဟာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ပြန်ဖြေခဲ့တာသာ ဖြစ်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်မဟုတ်ဘူးလို့ ပြောပါတယ်။

တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ ကိုလုံးဝ အထိမခံတဲ့ အနေအထားမှာ ရှိနေပေမယ့် ၄၃၆ မှာ အကျုံးမဝင်တဲ့ ပြင်လို့ရနိုင်တဲ့ အချက်တွေ အများကြီး ရှိသေးတယ်၊ ဒါတွေ ဆက်လုပ်ရအုံးမှာဖြစ်တယ်၊ ဦးရွှေမန်းက အခုလို ပြောခဲ့တာဟာ လွှတ်တော်မှာ ချမပြဘဲ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုင်းရင်းသားပါတီ ၂၀ ကျော်ကို ကိုယ်စားပြုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္ကဌ ၂ ဦးစောသန်းမြင့် ကပြောပါတယ်။