လိုင်ဇာဌာနချုပ်နားက အစိုးရ စခန်းတွေ ဖယ်ဖို့ KIA တောင်းဆို

  • 20 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် kia
Image caption KIA ဗိုလ်သင်တန်းကျောင်းကို ကျည်ထိမှန် ခဲ့တာဟာ တမင် ရည်ရွယ် ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ အစိုးရဘက်က ငြင်းဆို

နိုဝင်ဘာလ ၁၉ရက်နေ့ တုန်းက KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ် ရှိရာ လိုင်ဇာ မြို့နားက KIA ဗိုလ်သင်တန်းကျောင်း တခုကို အစိုးရ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး ဗိုလ်လောင်း ၂၃ဉီး သေဆုံးခဲ့အပြီးမှာ KIA က သူတို့ ဌာနချုပ်နားမှာ တပ်စွဲထားတဲ့ အစိုးရ စစ်စခန်းတွေ အားလုံး ဖယ်ရှားပေးဖို့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေး နည်းလမ်း နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေစဉ် အတွင်း အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အစီအစဉ် ရှိရှိ တိုးမြှင့် လုပ်လာနေတယ်လို့လည်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ် အစိုးရ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ကတော့ အခု ဖြစ်ပွားမှုဟာ တပ်မတော် စစ်စခန်းက သတိပေး ပစ်ခတ်ရင်း KIA ဗိုလ်သင်တန်း ကျောင်းပေါ် မရည်ရွယ်ပဲ ကျည် ကျရောက်သွားခဲ့တာလို့ ဒီကနေ့ ကြာသပတေးနေ့ ညနေက မီဒီယာတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်တယ် ဆိုတာကိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးလို့ လက်နက်ကြီးတခုလို့ပဲ ပြောနိုင်သေးတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုတော့ ဆက်လုပ်သွားမယ်လို့ သူက ပြောသွားပါတယ်။

ပစ်ခတ်ခံရတဲ့ ဗိုလ်သင်တန်းကျောင်းမှာ KIA ဗိုလ်လောင်းတွေသာ မကပဲ ABSDF ကျောင်းသားတပ်မတော်နဲ့ တခြား တိုင်းရင်းသား မဟာမိတ် တပ်ဖွဲ့က ဗိုလ်လောင်းတွေပါ တက်ရောက်နေတယ်လို့ KIA တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

KIA က အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ကလည်း ဒီတိုက်ခိုက်မှုကို သူရဲဘော ကြောင်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပြီး ဒီတိုက်ခိုက်မှုကြောင့် ယုံကြည်မှု တည်ဆောက်နေချိန်မျိုးမှာ အဟန့်အတား ကြီးမားစွာ ဖြစ်စေတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။