မဲဆောက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ယာယီ နေထိုင်ခွင့် ထုတ်ပေး

  • 21 နိုဝင်ဘာ 2014
_maesot_donation
Image caption မြန်မာ ပတ်စ်ပို့ ရအောင် ပြန်ယူမယ့်သူတွေကို အလုပ်လုပ်ခွင့် ဗီဇာပေးမယ်လို့ ထိုင်းဘက်က ပြော။

ထိုင်းအစိုးရ ဟာ မြန်မာနဲ့ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့ ကို အထူး စီးပွားရေးဇုံ သတ်မှတ်ဖို့ လုပ်ဆောင် နေရာမှာ၊ လိုအပ်တဲ့ တရားဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရရှိရေး အတွက် အဲဒီ့မှာ တရားမဝင် နေထိုင် နေကြတဲ့ မြန်မာ အလုပ်သမား တွေကို ယာယီ နေထိုင်ခွင့် လက်မှတ် တွေ ထုတ်ပေး နေပါတယ်။

ထိုင်းမှာ ယာယီ နေထိုင်ခွင့် လက်မှတ်တွေ ရရှိပြီ ဆိုရင်၊ မြန်မာပြည် ဘက်က နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ ရအောင် ပြန်ယူ နိုင်သူတွေကို၊ ထိုင်းကနေ တခါ၊ တရားဝင် အလုပ်လုပ်ခွင့် work permit ပေးမယ် ဆိုပြီး အလုပ်သမား ရေးရာ ၀န်ကြီး ဗိုလ်ချုပ်ကြီး စူရဆတ်က် ကန်ကျနာရတ် က ပြောပါတယ်။

ဒါ့အပြင် မြန်မာဘက်ခြမ်း ကနေ နေ့ချင်းပြန် လာရောက် အလုပ် လုပ်ချင်သူတွေ အတွက်လည်း အဆင်ပြေအောင် မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ကန်ကျနာရတ် က ဆိုပါတယ်။

ဒါဟာ ထိုင်းလုပ်ငန်းရှင်တွေ အတွက် တရားဝင် အလုပ်သမား အလွယ်တကူ ရရှိနိုင်ဖို့ ဖြစ်ပေမယ့်၊ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အတွက်တော့ မြန်မာဘက်ခြမ်းမှာ နိုင်ငံကူး လက်မှတ် ပြန်လုပ်ဖို့ ဆိုတာ မလွယ်ဘူး ဆိုပြီး မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု အဖွဲ့ရဲ့ ဥက္ကဌ ဦးမိုးကြိုး က သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံကူးလက်မှတ် ရရှိဖို့ ကုန်ကျစားရိတ်၊ လိုအပ်တဲ့ မြန်မာ နိုင်ငံသား စီစစ်ရေးကတ်နဲ့ အိမ်ထောင်စု စာရင်း၊ အလုပ်ရှင် ဘယ်သူဆိုတာ ခိုင်လုံစွာ တင်ပြနိုင်မှု စတဲ့ အချက်တွေဟာ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အခက်အခဲ ဖြစ်နေကြောင်း ဦးမိုးကြိုး က ပြောပါတယ်။

ဒီလို အခြေခံကျတဲ့ ပြဿနာတွေ လက်တွေ့ မဖြေရှင်း ပေးနိုင်ရင် တရားမဝင် အလုပ်သမား ပြဿနာ ကို ဖြေရှင်းလို့ မရနိုင်ကြောင်း အလုပ်သမား အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ