လိုင်ဇာ ဖြစ်ရပ်ကို စစ်ရေးနဲ့ မတုန့်ပြန်ဘူးလို့ KIA ပြော

  • 21 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ စစ်စခန်းတွေကို ချောင်းမြောင်း ပစ်ခတ် တာမျိုး မရှိခဲ့ဘူးလို့ KIA ငြင်းဆို

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်နားက ဗိုလ်သင်တန်း ကျောင်းမှာ အစိုးရ စစ်တပ်က ပစ်လိုက်တဲ့ ကျည် ကျမှန်ပြီး ဗိုလ်လောင်းတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ကြေညာချက်ပါ ဖေါ်ပြချက်တွေဟာ မဟုတ်မမှန် မှားယွင်းနေတယ်လို့ KIA က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒီဖြစ်ရပ်ဟာ တပ်မတော် စစ်ကြောင်းတွေကို KIA က ချောင်းမြောင်း ပစ်ခတ် တာမျိုးလို ဒေသတွင်း စစ်ရှိန် မြင့်မားစေတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က သတိပေး ပစ်ခတ် ခဲ့ရာကနေ ဖြစ်ပွားခဲ့တာလို့ ဖေါ်ပြထားပါတယ်။

KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးလာနန်းကတော့ ၂၀၁၃ခုနှစ် NCCT တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖွဲ့စည်း ပြီးကတည်းက အစိုးရ စစ်စခန်းတွေကို ဝင်မစီးဖို့ KIA ရှေ့တန်း တပ်ဖွဲ့တွေကို ညွှန်ကြားထားပြီး တိုက်ပွဲတွေ မဖြစ်အောင် သတိထား နေလာတာ တနှစ်ကျော် ရှိသွားပြီ ဖြစ်တာမို့ KIA က နှောင့်ယှက် ပစ်ခတ်ခဲ့တယ် ဆိုတဲ့အချက်ဟာ လုံးဝ မဟုတ်ဘူးလို့ ပြောပါတယ်။

အခု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လိုမျိုး အစိုးရ ဘက်က တဘက်သတ် စစ်ရေးနည်းနဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေ လုပ်လာမယ် ဆိုရင် NCCT နဲ့ UWPC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့အကြား တွေ့ဆုံ ညှိနှိုင်းနေမှုတွေမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

KIA အနေနဲ့ အခု ဖြစ်ရပ်ကို စစ်ရေးနည်းနဲ့ တုန့်ပြန်တာမျိုး လုပ်မှာ မဟုတ်ပဲ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ အဖြေရှာရေး လမ်းကြောင်းပေါ်မှာပဲ သတိကြီးကြီးနဲ့ ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးလာနန်းက ပြောပါတယ်။