တရားမ​ဝင် နေထိုင်​သူ​တွေ​ကို သတ်​မှတ်​ရက် နောက်​ပိုင်း ဖမ်းဆီး​မယ်​လို့ မလေးရှား အာဏာပိုင်​တွေ သတိပေး

  • 22 နိုဝင်ဘာ 2014
mh370_mh17_klia_planes ဓာတ်ပုံ မူပိုင် AFP
Image caption မလေးရှားမှာ တရားမဝင် နေသူတွေကို ဖမ်းဆီးမိရင် အရင်က ထောင်ဒဏ် ၃ လ ချနေရာက နောက်ပိုင်း ၆ လထိ တိုးမြှင့် ချမှတ်လာပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင် နေသူတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့နဲ့၊ သတ်မှတ်ရက် နောက်ပိုင်း ဖမ်းဆီး အရေးယူမှာ ဖြစ်တဲ့ အကြောင်း မလေးရှား အာဏာပိုင်တွေ က အခု ရက်ပိုင်းကပဲ ထပ်မံ ကြေညာခဲ့ ပြန်ပါတယ်။

ဒီ အခြေအနေမှာ မလေးရှားရောက် မြန်မာတွေ တချို့လည်း မြန်မာသံရုံးကနေ CI လို့ခေါ်တဲ့ သက်သေခံ ကဒ်ပြားတွေ ထုတ်ယူပြီး မြန်မာပြည်ကို ပြန်တဲ့ အရေအတွက်ဟာ အပတ်စဉ် အယောက် ၆၀ လောက် ရှိနေတယ် လို့ အမည် မဖော်လိုတဲ့ မြန်မာသံရုံး အရာရှိတဦး က ပြောပါတယ်။

ဒါပေမယ့် တဖက်မှာလည်း တရားဝင်ရော တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ မလေးရှား နိုင်ငံထဲကို မြန်မာပြည်က လူတွေ ဆက်လက် ဝင်ရောက် လာနေဆဲ ဖြစ်တယ် ဆိုပြီး မြန်မာသံရုံး က ပြောပါတယ်။

မလေးရှားရောက် မြန်မာတွေ အတွက် အထောက်အကူ ဖြစ်အောင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ မရှိသူတွေကို နိုင်ငံသား စီစစ်ပြီး ထုတ်ပေးနေတယ် လို့လည်း မြန်မာသံရုံးက ဆိုပါတယ်။

ဒီလို ပတ်စ်ပို့ ထုတ်ယူထားသူတွေ ၃ သောင်းလောက် ရှိပေမယ့်၊ မလေးရှား နိုင်ငံမှာ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ် လုပ်ကိုင်ခွင့် ရအောင် မလုပ်နိုင်တဲ့ အတွက် အဖမ်း ခံရနိုင်တဲ့ အန္တရာယ် ရှိဆဲပဲ ဆိုပြီး မလေးရှား နာရေး ကူညီမှုအသင်း က ဦးစန်းဝင်းက ပြောပါတယ်။

တရားမဝင် နေထိုင်သူတွေကို ဖယ်ရှားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ မလေးရှား အစိုးရ အနေနဲ့ ဒီတစ်ခေါက် ၂၀၁၅ နှစ်ဆန်းပိုင်းက စလို့ သူတို့ ကြေညာ ထားသလို ဖမ်းဆီး အရေးယူမှုတွေ ဆောင်ရွက် လာရင် မြန်မာနိုင်ငံသား တွေ အမြောက်အများ အပေါ် သက်ရောက်မှု တွေ ရှိလာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ