PR စနစ် ကျင့်သုံးရေး အမျိုးသား လွှတ်တော် ဆုံးဖြတ်

  • 24 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်းနဲ့ ပြည်နယ် အားလုံးမှာ PRစနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော် မဲခွဲ ဆုံးဖြတ်

တိုင်းနဲ့ပြည်နယ် အားလုံးမှာ အမျိုးသား လွှတ်တော် အမတ်တွေကို PR အချိုးကျ ခွဲတဲ့ စနစ် ကျင့်သုံးမယ်လို့ အမျိုးသား လွှတ်တော်မှာ ဒီကနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်လိုက် ပါတယ်။

ရွေးချယ်မယ့် ပုံစံ ၂ ခုကိုလည်း PR စနစ် ပုံစံ ရေးဆွဲရေး ကော်မရှင်က လွှတ်တော်ကို တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်အတွက် PR ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးဖို့ လွှတ်တော်က ဆုံးဖြတ်ထားပေမယ့် နေရာတိုင်းမှာ အသုံးပြုမယ်၊ မပြုဘူးဆိုတာကို ရှင်းလင်းအောင် အခုလို မဲခွဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ PR စနစ် ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း PR စနစ် ရွေးကောက်မယ့် ပုံစံ ၂ ခုထဲက တခုခုကို အသုံးပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ် ပေးရဦးမှာ ဖြစ်ပါတယ်။

ပထမတခုက တိုင်းနဲ့ပြည်နယ် တခုစီမှာ မဲဆန္ဒ နယ်မြေ တခုတည်း ထားပြီး အမတ် ၁၂ ဦးကို ရွေးပေးရမယ့် ပုံစံဖြစ်ပါတယ်။

နောက်တခုတော့ တိုင်းနဲ့ပြည်နယ် တခုဆီကို ၃ ပိုင်း ပိုင်းပြီး တစ်ပိုင်းမှာ အမတ် ၄ ဦးစီ ရွေးပေးရမယ့် စနစ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ပုံစံတခုခုကို ရွေးပြီးရင်တော့ ဥပဒေ မူကြမ်း ရေးဆွဲပြီး လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။